ဂိုးသမားပြည့်ဖြိုးအောင်ကို ဟံသာဝတီယူနိုက်တက်အသင်း သုံးနှစ်စာချုပ်ချုပ်ဆို

ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့် ရာသီသစ်ပြင်ဆင်မှုအဖြစ် ခေါ်ယူရန်  အကြိုသဘောတူညီထားသည့် ဆောက်သမ်းမြန်မာအသင်း   ဂိုးသမားဟောင်း ပြည့်ဖြိုးအောင်ကို ဒီဇင်ဘာ ၁၈ ရက်က အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့သည်။

ဟံသာဝတီယူနိုက်တက် အသင်းသည် ပြည့်ဖြိုးအောင်ကို ၂၀၂၃ ခုနှစ် နှစ်ကုန် အထိ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး လာမည့် ဘောလုံးရာသီသစ်အတွက်  ပထမဆုံး ကစားသမားသစ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ပြည့်ဖြိုးအောင်သည် အသင်း၏ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များ ပြန်လည် စတင်ချိန်တွင် အသင်းနှင့်  စတင်ပူးပေါင်းမည် ဖြစ်ကြောင်း   တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည့်ဖြိုးအောင်က အသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး   အသင်းလေ့ကျင့်ရေး စတင်တာနဲ့    ပူးပေါင်းမှာဖြစ်ပါတယ်။ နောက်ထပ်လည်း နည်းပြချုပ် ဦးမျိုးမင်း ထွန်းကခေါ်ယူဖို့ တင်ပြထားတဲ့ တခြား လက်ရွေးစင်အဆင့်  ကစားသမားတချို့ ကိုလည်း  ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အသင်းဘုတ်အဖွဲ့ကတစ်ဆင့် ကစားသမား တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ခေါ်ယူမှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ အပြီးသတ် ညှိနှိုင်းမှုအဆင်ပြေရင် သတင်းထုတ်ပြန်ပေးပါမယ်။  ခံစစ်နဲ့   ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့တော့ စီစဉ်ထားပါတယ် ဟု ၎င်းကပြောသည်။

ပြည့်ဖြိုးအောင်သည် ဟံသာဝတီယူ နိုက်တက်အသင်းတွင် ဂိုးသမားနေရာပွဲ ထွက်ခွင့်အတွက်  အသင်းခေါင်းဆောင် ဂိုးသမား ကိုကိုနိုင်နှင့်   ပြိုင်ဆိုင်ရမည်ဖြစ် သည်။ ကိုကိုနိုင်သည် ပြီးခဲ့သည့်ဘောလုံး ရာသီတွင်  မြန်မာနေရှင်နယ်လိဂ် ၁၈ ပွဲ ဝင်ရောက်ကစားရာ ကိုးပွဲအထိ ပေးဂိုးမရှိ စွမ်းဆောင်နိုင်ခဲ့သည်။

အသက် ၃၀ အရွယ် ဂိုးသမားပြည့်ဖြိုး အောင်သည် ၂၀၀၉ မြန်မာနေရှင်နယ်လိဂ် စတင်ကတည်းက ဆောက်သမ်းမြန်မာ အသင်း၌  ကစားခဲ့သည့်  ဝါရင့်ဂိုးသမား တစ်ဦးဖြစ်ပြီး   ဒီဇင်ဘာပထမပတ်က အသင်းနှင့် လမ်းခွဲခဲ့သည်။

ပြည့်ဖြိုးအောင်သည် ၂၀၁၂ ခုနှစ်မှ စ၍   သက်တမ်းအလိုက်  လက်ရွေးစင် အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး   မြန်မာ့ လက်ရွေးစင်အသင်း၌လည်း   ပဏာမ ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ကိုရဲ