ဧရာဝတီယူနိုက်တက် အသင်းမှ ထွန်းတောက်လာမည့် လူငယ်ကွင်းလယ် ကစားသမား သော်ခန့်ဦး

လူငယ်ကွင်းလယ်ကစားသမား သော်ခန့်ဦးသည် ဧရာဝတီတိုင်းဒေသကြီး  မအူပင် မြို့နယ်ဇာတိဖြစ်ပြီး ၎င်း၏ ပရော်ဖက်ရှင် နယ်ကစားသမားဘဝကို ၂၀၁၄ - ၂၀၁၅ ဘောလုံးရာသီ  ရခိုင်ယူနိုက်တက်လူငယ် အသင်းအတွက် ကစားသမားရွေးချယ်ပွဲကနေ စတင်ခဲ့ပါတယ်။

အဲဒီ   ကစားသမားရွေးချယ်ပွဲကနေ ရခိုင်ယူနိုက်တက်   ယူ-၁၈  အသင်းအတွက်  ရွေးချယ်ခြင်းခံရပြီး   ၎င်းရဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ   ရခိုင်ယူနိုက်တက် ယူ-၁၈ အသင်းနဲ့အတူ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

၂၀၁၆ ဘောလုံးရာသီမှာ  ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းကို  ပြောင်းရွှေ့ကစားပြီး ၂၀၁၇ ခုနှစ်အထိ နှစ်ရာသီကြာ ကစားပေးခဲ့ပါတယ်။ ၂၀၁၈ ဘောလုံးရာသီမှာ ရခိုင်ယူနိုက်တက်အသင်းကြီးမှာ ပါဝင်ခဲ့ပြီး နှစ်ရာသီကစားခဲ့ကာ ၂၀၂၀ ဘောလုံး ရာသီသစ်စတင်ချိန်မှာ  မိမိဇာတိကိုယ်စား ပြုကလပ်အသင်းဖြစ်တဲ့   ဧရာဝတီယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ကျောနံပါတ် (၂၆) ဝတ်ဆင်ကစားခဲ့ပါတယ်။ ကွင်းလယ်ကစားသမား  သော်ခန့်ဦးအဖို့  နေရာတူ ကစားသမားတွေဖြစ်တဲ့ တင်ဝင်းအောင်၊ လွင်မိုးအောင်တို့ ရှိနေတဲ့အတွက် ပွဲထွက်ခွင့်ရရှိဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။  သို့ပေမယ့်     ပွဲကစားခွင့်ရတဲ့အခါတိုင်း  အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဟံသာဝတီ ယူနိုက်တက်၊  စစ်ကိုင်းယူနိုက်တက်နဲ့     မကွေးအသင်းတို့ ပွဲစဉ်မှာရရှိတဲ့ ဂိုးတွေမှာ ပါဝင်ပတ်သက်ထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။  

လက်ရှိမှာ  ဇာတိဖြစ်တဲ့  မအူပင်မြို့နယ်မှာပဲနေပြီး  ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။  ၂၄ နှစ် အရွယ်ကစားသမားက  လာမယ့်ဘောလုံးရာသီမှာ  ဧရာဝတီယူနိုက်တက်အသင်းရဲ့ အားထားရမယ့်  ကွင်းလယ် ကစားသမား တစ်ဦးအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။                       

ကိုရဲ