နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး၊ ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး၊ ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ၊ နိုဝင်ဘာ - ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေး များတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေချင်း ထိစပ်နေပြီး နက်ရှိုင်းသည့်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးထူထောင်ခဲ့ကြပါကြောင်း၊ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲသည့်ဆက်ဆံရေးဖြင့် အတူတကွလက်တွဲကျော်ဖြတ်နိုင်ခဲ့ကြပြီး ဆက်လက်၍လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်အတွင်း ဧည့်ဝတ်ကျေပွန်စွာ စီစဉ်ဆောင်ရွက် ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင် ခြင်း (၇၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၂၀)ကြိမ် မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ တတိယအကြိမ်မျက်နှာစုံညီ အစည်းအဝေးတို့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် မိမိအနေဖြင့် ဝမ်းမြောက် စွာ ဂုဏ်ပြုပါကြောင်း၊ ယနေ့တွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ကာ နှစ်နိုင်ငံ အကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံတည်ထောင်ခဲ့သည့် နှစ် ပေါင်း (၇၀)ကျော် ကာလအတွင်း၌လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အောင်မြင် စွာကျင့်သုံးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရအတွက် အလွန်အရေးကြီးသည့် မူဝါဒတစ်ရပ် ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံ နေမှုအား လေးနက်စွာထပ်လောင်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့ သည့် ရာဂိမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် တရုတ်အနေဖြင် ကူညီထောက်ပံ့ပေးခဲ့မှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံအနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံ ကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် နည်းပညာ အကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက် လက် ဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေ အရ စတင်ဖောက် လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် တရုတ် နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင် ရွက်ခဲ့ ရာ စီးပွားရေးအရ တက်ကြွသည့်အမြင်များနှင့် ထက်သန်သည့် ပူးပေါင်းဆောင်ရွက်မှု များကို တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာဘက်မှ လိုအပ်သောအကူအညီနှင့် ပူးပေါင်းဆောင် ရွက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ စီးပွားရေး စင်္ကြံ တည်ဆောက်မှုစီမံချက်အား မြန်မာဘက်မှ အလေးထားဆောင်ရွက်နေကြောင်း ဖြင့်ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ကျန်းမာရေးကဏ္ဍ၊ ကျေး လက်ဖွံ့ဖြိုးရေး က္ဏဍတို့တွင် လုပ်ဆောင်လိုသည့် အစီအမံများအား အသေးစိတ်ညှိ နှိုင်း ပြောကြားသည်။

ဆက်လက်ပြီး ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းကစတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာခဲ့ ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲ ရေး ကြေညာထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည်အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေးတပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ ၂၇ ရက်၌ အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ကြားဝင် စေ့စပ် မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီ ချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက် သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ် ဆောင်ကြရန်လိုကြောင်း၊ MNDAA TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျင် မိမိတို့အနေဖြင့်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ် ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နယ်စပ် ကုန်သွယ်ရေးသည် အရေးပါပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယွမ်-ကျပ် တိုက်ရိုက်ကုန်သွယ်မှုကိုလည်း ဖော်ဆောင်လျက် ရှိ ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေး ကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ် ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည် မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံ ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး သည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့် ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမိုတိုး တက်လာစေရေး ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် လာမည့်သံတမန်ဆက်ဆံမှု ၇၅ နှစ်စိန်ရတု ကာလမှစ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံ အရေးပင် ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နားလည်မှု စာချွန် လွှာနှင့်သဘောတူစာချုပ်လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့နှင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတို့ အကြား မြေနေရာငှားရမ်းခြင်းစာချုပ် လဲလှယ်ခြင်း၊ သင်တန်းကျောင်းများ အဆင့်မြှင့် တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာ လိုအပ်ချက် များ နှင့် အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်၊ တိကျစွာတိုင်း တာခြင်းနည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် နားလည်မှုစာချွန် လွှာ၊ တရုတ်နိုင်ငံ၏ စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန(SAC) နှင့် မြန်မာနိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI) တို့အကြား နားလည်မှု စာချွန်လွှာ၊ အားကစားကဏ္ဍမြှင့်တင်ရေး နားလည်မှု စာချွန်လွှာ စသည်တို့အပါအဝင် နားလည်မှုစာချွန်လွှာနှင့်သဘောတူစာချုပ် ၇ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံများမှ တာဝန်ရှိသူများက လဲလှယ်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် သည် Kunming Intercontinental  ဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး 8th Greater Mekong Subregion Economic Cooperation Program (GMS) Summit ကြိုဆိုညစာစားပွဲအခမ်းအနားသို့ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ကြမည့်နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ အကြီးအကဲများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကြိုဆိုညစာ စားပွဲကို ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ အကြီးအကဲများသည် ညစာကို အတူတကွ သုံးဆောင်ကြရာ တရုတ်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, November 6, 2024 - 16:46