2021 AFC Cup ပြိုင်ပွဲကျင်းပမည့် လျာထားရက်များ အာရှဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်

မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် 2021 AFC Cup ပြိုင်ပွဲကို   လာမည့်နှစ်  ဧပြီလမှ နိုဝင်ဘာလအထိ  ကျင်းပရန်လျာထားကြောင်း အာရှဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

မူလက AFC Cup ခြေစစ်ပွဲစဉ်များ ကို ၂၀၂၁  ခုနှစ်  ဇန်နဝါရီလအတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း အာရှ နိုင်ငံအသီးသီး၌ COVID-19 ရောဂါ ထိန်းချုပ်နိုင်ခြင်းမရှိသေးသဖြင့် မူလလျာ ထားသည့် ၂၀၂၁ ခုနှစ်  ဇန်နဝါရီလမှ  ထပ်မံ  နောက်ဆုတ်ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယင်းထုတ်ပြန်ချက်အရ 2021 AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အကြိုခြေစစ်ပွဲ ကို ၂၀၂၁ ခုနှစ်  ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်၊ Play-Off အဆင့်  ပွဲစဉ်ကို  မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။

အာဆီယံဇုန် အုပ်စုအဆင့်ပွဲစဉ်များကို ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး   အကြိုဗိုလ်လုပွဲကို  သြဂုတ် ၁၀ ရက်၊ ၁၁ ရက်နှင့်  ဗိုလ်လုပွဲကို သြဂုတ် ၂၅ ရက်တို့တွင်   ကျင်းပရန် လျာထားကြောင်း  အာရှဘောလုံး အဖွဲ့ချုပ် ကထုတ်ပြန်ထားသည်။

လာမည့်နှစ်  AFC  Cup  ပြိုင်ပွဲတွင်  မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်း တို့ ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည်   ၂၀၂၁ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကို    ပထမ အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး   ခြေစစ်ပွဲအောင်မြင်ခြင်းမရှိပါက    AFC  Cup  အုပ်စုအဆင့်သို့ ပြန်လည်ယှဉ်ပြိုင် ခွင့်ရရှိမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့်   ဟံသာဝတီယူနိုက်တက် အသင်းက  AFC  Cup  ခြေစစ်ပွဲ (Play-off) အဆင့်မှ  စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ