ဂျပန်၏ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု နိုင်ငံတကာ အာကာသစခန်းသို့ရောက်ရှိ
ဂျပန်နိုင်ငံက တီထွင်ဖန်တီးထားသည့် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုသည် ယခုအခါ နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဂြိုဟ်တုကို နိုဝင်ဘာလ ၅ ရက်တွင် SpaceX ၏ Dragon ကုန်တင်အာကာသယာဉ်က သယ်ဆောင်သွားခြင်းဖြစ်သည်။
ထိုဂြိုဟ်တုကို LignoSat ဟု အမည်ပေးထားပြီး အနားလေးလက်မမျှသာရှိသော ကုဗတုံးတစ်ခုမျှသာဖြစ်သော်လည်း ၎င်းကိုစမ်းသပ်မှုမှ ထွက်ပေါ်လာမည့်ရလဒ်က အလွန်ကြီးမားသည်ဟု သုတေသနပညာ ရှင်များက ပြောသည်။
အထူးသဖြင့် အလူမီနီယံကို အဓိကထား အသုံးပြုထားသည့် သမားရိုးကျဂြိုဟ်တု များက သက်တမ်းကုန်ဆုံးပြီး ကမ္ဘာမြေပြင်ပေါ်သို့ပြန်ကျလာသည့်အခါ လေထုနှင့် ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး အလူမီနီယံအောက်ဆိုက်များကို ထွက်ပေါ်လာ စေသည့်အပြင် အိုဇုန်းလွှာကိုလည်း ပျက်စီးစေနိုင်သည်။
LignoSat ကဲ့သို့ တတိုင်းမွှေးအပင်မှ သစ်သားကို အသုံးပြုထားသည့် ဂြိုဟ်တုများမှာ ကမ္ဘာမြေပြင်ပေါ်သို့ပြန်ကျချိန်၌ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည် မဟုတ်ကြောင်း သိရသည်။