၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေး ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် ၂၃ နည်းမှ အသင်းလိုက် အားကစားနည်းများ ဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲ ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေး အတွက် အုပ်စုမဲနှိုက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုး သားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးထိန်လင်းက ယခုကျင်းပမည့် အမျိုးသား အားကစားပွဲတော်သည် ၁၀ နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပသည့် အမျိုးသား အားကစားပွဲတော်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်း အားကစားနည်း လေးနည်းတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် တရားမျှတမှုရှိစေရေး၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် တည်းခိုနေထိုင်၊သွားလာ၊ စားသောက်မှုနှင့် လေ့ကျင့်မှုများတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက်အားကစားနည်း ၁၀ နည်းတို့၏ အုပ်စုမဲနှိုက်ခြင်းများကို ဆောင်ရွက်သည်။
အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ တာဝန်ခံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။