အီရန်နဲ့အစ္စရေးတို့ကြား စစ်ဖြစ်လာခဲ့ရင် ဘယ်သူနိုင်နိုင်မလဲဆိုတာကို လေ့လာကြည့်မယ်
အစ္စရေးက ဆီးရီးယားမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အကြောင်းမဲ့တိုက်ခိုက်လိုက်တဲ့အပေါ် အီရန်ဘက်က ဘယ်လိုမှကျေနပ်ကျေအေးပေးနိုင်မယ်မထင်ပါဘူး။
တစ်နည်းမဟုတ်တစ်နည်းနဲ့ လက်တုံ့ပြန်လာမယ်ဆိုတာ ပြောစရာမလိုအောင်ကို သိပြီးသားပါပဲ။
အစ္စရေးဘက်ကလည်း အီရန်ဘက်ကလုပ်လာနိုင်တဲ့ လက်တုံ့ပြန်မှုကိုရင်ဆိုင်ဖို့အတွက် အမြဲတမ်း အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ထင်ထားသလိုပဲ အီရန်က အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်။ အစ္စရေးဘက်ကလည်း ကြားဖြတ်ပစ်ချမှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။
အခုတော့ သူတို့နှစ်နိုင်ငံကြားမှာ လက်တုံ့ပြန်မှုက ပြီးသွားပြီလို့ ထင်ရလောက်ပေမယ့်လည်း အရာအားလုံးက ကျွန်တော်တို့ထင်ထားသလို မရိုးရှင်းပါဘူး။ တစ်ချိန်မဟုတ်တစ်ချိန်မှာ တစ်နည်းနည်းနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်ပြီးဖြစ်လာဦးမှာပါ။
ဒီနေရာမှာ နားမလည်နိုင်တာတစ်ခုက အစ္စရေးအနေနဲ့ စစ်ရေးပစ်မှတ်လည်းမဟုတ်တဲ့ အီရန်သံတမန်ရေးရာ အဆောက်အအုံတစ်ခုကို ဘာကြောင့်တိုက်ခိုက်ရလဲဆိုတာပါ။
အစ္စရေးတို့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဂါဇာအရေးကိစ္စနဲ့ပတ်သက်ပြီး အီရန်ထောက်လှမ်းရေး အရာရှိကြီးတွေနဲ့ ပါလက် စတိုင်းစစ်သွေးကြွခေါင်းဆောင်တို့ ဆွေးနွေးပွဲလုပ်တာကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒါဟာလည်း တိုက်ခိုက်ပြီးသွားမှပေးတဲ့ အကြောင်းပြချက်တစ်ခုမျှသာဖြစ်တယ်လို့ ကျွန်တော်ကတော့ယုံကြည်ပါတယ်။
ဒါကြောင့် အစ္စရေးက အီရန်ကောင်စစ်ဝန်ရုံးကို ဘာကြောင့်တိုက်ခိုက်ရလဲဆိုတဲ့အကြောင်းရင်းကို ကျွန်တော်ခန့်မှန်း မိသလောက်ပြောရမယ်ဆိုရင် စစ်မဖြစ်ဖြစ်အောင် စလိုက်တဲ့သဘောရှိတယ်လို့ဆိုရမှာပါ။
ဒါဆိုရင် စစ်ဖြစ်ပါပြီတဲ့။ ဘယ်သူတွေကအနိုင်ရပြီး ဘယ်သူတွေက ရှုံးနိမ့်မလဲဆိုတာကို လေ့လာသုံးသပ်မိ ပြန်ပါတယ်။
ဒါပေမဲ့ သေနတ်ကိုင်ထားတဲ့သူကို တုတ်ကိုင်ထားတဲ့သူက မျက်နှာချင်းဆိုင်ကနေ တုတ်နဲ့ပြေးရိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်လက်နက်ပစ္စည်းကလည်း စစ်ပွဲတစ်ပွဲအောင်မြင်မှုအတွက် အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။
ဒီအတွက်ကြောင့်ပဲ အစ္စရေးမှာ ဘယ်လိုလက်နက်တွေရှိတယ်။ အီရန်ကဘယ်လိုလက်နက်တွေကို အသုံးပြုလာနိုင်တယ်ဆိုတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ဗဟုသုတမျှဝေပေးသွားပါမယ်။
ကမ္ဘာ့မြေပုံပေါ်မှာပြန်ကြည့်ရင် သူတို့ နှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ မဟုတ်ကြပါဘူး။ ကြားထဲမှာ နှစ်နိုင်ငံလောက် ခြားပါတယ်။
သို့သော်လည်း သူတို့နှစ်နိုင်ငံစလုံးဟာ တာဝေးပစ်ဒုံးကျည်ကြီးတွေ၊ ရေပြင်၊ ဝေဟင်ကနေ ထိရောက်စွာစစ်ဆင်နိုင်တဲ့လက်နက်တွေများစွာကို ပိုင်ဆိုင်ထားတာကြောင့် နှစ်နိုင်ငံကြားအကွာအဝေးဟာ သိပ်ပြီးပြောပလောက်တဲ့ အနေအထားမဟုတ်တော့ပါဘူး။
စစ်အင်အားတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၃ ခုနှစ်အစောပိုင်း နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်တွေအရ အစ္စရေးရဲ့စစ်မှုထမ်းအင်အားက ၁၆၉၅၀၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။ သူတို့ရဲ့အရန်အင်အားစုကတော့ ၄၆၅၀၀၀ ပါ။
အဲဒီအရန်အင်အားတွေထဲကမှ တော်တော်များများကို အောက်တိုဘာလ ၇ ရက်ဖြစ်စဉ်ဖြစ်ပွားမှုအပြီးမှာ စစ်မှုထမ်းဖို့ အတွက် ဆင့်ခေါ်ထားပြီးပါပြီ။
စစ်သည်အင်အားတွေကို တပ်ဖွဲ့အလိုက်ပြန်ခွဲလိုက်မယ်ဆိုရင် ကြည်းတပ်မှာ စစ်သည် ၁၂၆၀၀၀ နဲ့ အရန်အင်အား လေးသိန်း၊ လေတပ်မှာ စစ်သည် ၃၄၀၀၀ နဲ့ အရန်အင်အား ၅၅၀၀၀၊ ရေတပ်မှာ စစ်သည် ၉၅၀၀ နဲ့ အရန်အင်အား ၁၀၀၀၀ ရှိပါတယ်။
အီရန်တပ်မတော်မှာကျတော့ ကြည်းတပ်မှာ အင်အားသုံးသိန်းခွဲ၊ လေတပ်မှာ ၃၇၀၀၀၊ ရေတပ်မှာ ၁၈၀၀၀ နဲ့ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့မှာ ၁၅၀၀၀ ရှိပါ တယ်။ စုစုပေါင်း စစ်သည်အင်အား ၄၂၀၀၀၀ ပေါ့။
ဒါ့အပြင် အီရန်နိုင်ငံမှာ အင်အား တောင့်တင်းခိုင်မာတဲ့ နောက်ထပ်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့လည်းရှိနေပါ
သေးတယ်။ သူကတော့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ပါ။
အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ စစ်အင်အားတွေကတော့ ကြည်းတပ်မှာ ၁၅၀၀၀၀၊ ပြည်သူ့စစ်အဖွဲ့တွေက အင်အား ၄၀၀၀၀၊ ရေတပ်မှာ အင်အား ၂၀၀၀၀၊ လေတပ်နဲ့လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှာ အင်အား ၁၅၀၀၀နဲ့ စုစုပေါင်းအင်အား ၂၃၀၀၀၀ ရှိတာကို တွေ့ရပါတယ်။
အီရန်တပ်မတော်မှာလည်း အရန်တပ်ဖွဲ့ဆိုတာရှိပါသေးတယ်။ အဲဒီအရန်တပ်ဖွဲ့ဟာ သေချာလေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နိုင်ငံတော်ကအရေးပေါ်အခြေအနေနဲ့ရင်ဆိုင်ရချိန်မှာ ဆင့်ခေါ်နိုင်တဲ့အင်အားက သုံးသိန်းခွဲအထိရှိပါတယ်။
စစ်သည်အင်အား နှိုင်းယှဉ်ပြီးသွားရင် စစ်အသုံးစရိတ်ကို တစ်ချက်နှိုင်းယှဉ်ကြည့်လိုက်ရအောင်။ စစ်အသုံးစရိတ်အတွက်ကိုတော့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာနကပြုစုထားတာပါ။ ၂၀၂၂ ခုနှစ်အတွက်ပေါ့။
အစ္စရေးနိုင်ငံရဲ့ အဲဒီနှစ်စစ်အသုံးစရိတ်က အမေရိကန်ရဲ့ နှစ်စဉ်ထောက်ပံ့မှုဖြစ်တဲ့ ဒေါ်လာ ၃ ဒသမ ၁၈ ဘီလီယံအပါအဝင်ဆိုရင် ဒေါ်လာ ၂၃ ဒသမ ၄ ဘီလီယံရှိပါတယ်။
အီရန်ကတော့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံနဲ့ညီမျှတဲ့ စစ်အသုံးစရိတ်ကိုသာ အသုံးပြုထားပါတယ်။ အီရန်တို့အနေနဲ့ စစ်ဆင်ရေးအသုံးစရိတ်တွေ၊ လက်နက်ဝယ်ယူမှု အသုံးစရိတ်တွေကို လျှော့ချပြီး သမားရိုးကျမဟုတ်တဲ့နည်းလမ်းတွေနဲ့စစ်အင်အားကို တည်ဆောက်ခဲ့တာပါ။
ဥပမာအားဖြင့် ရေနံတင်သင်္ဘောအဟောင်းတွေကို ရေပေါ်ရှေ့တန်းစခန်းသင်္ဘောများအဖြစ်ပြောင်းလဲခြင်း၊ ကမ်းရိုး တန်းကာကွယ်ရေးအတွက် အမြန်သွားတိုက်ခိုက်ရေးယာဉ် အများအပြားကိုဖန်တီးခြင်းတို့ ဖြစ်ပါတယ်။
တစ်ခါ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုအကြောင်းကို လေ့လာကြည့်မယ်ဆိုရင်တော့ နှစ်နိုင်ငံစလုံးဟာ ပြည်တွင်းမှာကိုပဲ စစ်လက်နက်ပစ္စည်းလုပ်ငန်းများကို အကြီးအကျယ် ပိုင်ဆိုင်ထားကြတာ တွေ့ရမှာပါ။
အဲဒီစစ်လက်နက်ပစ္စည်းစက်ရုံတွေကနေ လက်နက်ငယ်နဲ့တင့်များမှသည် ဒရုန်းများနဲ့ဒုံးကျည်များအထိကို ထုတ်လုပ် နိုင်ပါတယ်။ အရေအတွက်ကတော့ လိုအပ်သလိုပေါ့။
အစ္စရေးအနေနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုမှာ အမေရိကန်နဲ့ပူးတွဲဆောင်ရွက်မှုတွေ လုပ်ဆောင်နေပေမယ့် အီရန်ကကျတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာပိတ်ဆို့မှုကို ခံထားရတဲ့အတွက် လိုအပ်တဲ့စစ်လက်နက် ပစ္စည်းတွေကို ပြည်တွင်းမှာသာ ကိုယ့်နည်းပညာနဲ့ ကိုယ်ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေရတာပါ။
အစ္စရေးနိုင်ငံမှာ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပေမယ့်လည်း ရှိနေတယ်လို့ယူဆရတဲ့ လက်နက်တစ်မျိုးရှိပါ တယ်။ နျူကလီးယားလက်နက်ပါ။
နိုင်ငံတကာစစ်ရေးလေ့လာသူတွေရဲ့သုံးသပ်ချက်အရဆိုရင် အစ္စရေးမှာ နျူကလီးယားထိပ်ဖူးအလုံးပေါင်း ၈၀ အထိကို ပိုင်ဆိုင်ထားပြီးပြီလို့ သိရပါတယ်။
အီရန်မှာတော့ နျူကလီးယားလက်နက်မရှိပါဘူး။ တခြားအဖျက်စွမ်းအားပြင်းလက်နက်တွေလည်းမရှိပါဘူး။ ဒါပေမဲ့ သူ့မှာသဘာဝလက်နက်ကြီး တစ်ခုတော့ရှိပါတယ်။ ဟော်မုရေလက်ကြားကို ပိတ်ချခြင်းဆိုတဲ့ လက်နက်ပါ။
ဟော်မုရေလက်ကြားကို ပိတ်ချလိုက်ခြင်းအားဖြင့် အစ္စရေးကို ထောက်ပံ့ပေးနေတဲ့ အနောက်နိုင်ငံတွေအနေနဲ့ စီးပွားရေးပျက် ကပ်ဆိုက်တဲ့အထိကို ဖြစ်သွားနိုင်စွမ်းရှိပါတယ်။
နောက်တစ်ခု နှိုင်းယှဉ်ကြည့်နိုင်တာက သူတို့နှစ်နိုင်ငံရဲ့ တိုက်ပွဲဝင်အတွေ့အကြုံပါ။ သူတို့နှစ်နိုင်ငံစလုံးဟာ တိုက်ပွဲဝင် အတွေ့အကြုံမှာတော့ တော်တော်လေးကို ပြည့်ဝတယ်လို့ ပြောလို့ ရနိုင်ပါတယ်။
အစ္စရေးနိုင်ငံဆိုတာ သူ့နိုင်ငံကိုစတင်တည်ထောင်ပါပြီဆိုကတည်းက ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံပေါင်းများစွာနဲ့ စစ်တိုက်လာတဲ့နိုင်ငံ ဖြစ်ပါတယ်။
ပါလက်စတိုင်းဆိုတာကတော့ သူတို့နဲ့အမြဲတမ်းရန်ဖြစ်နေကျ အိမ်နီးချင်းဆိုလည်း မမှားပါဘူး။ ဒါကြောင့် အစ္စရေးနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်တိုက်ခြင်းနဲ့ ကျွမ်းဝင်မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံလို့ တင်စားနိုင်ပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်းမျိုးဆက်တွေမှာတော့ အစ္စရေးရဲ့စစ်ဆင်ရေးစွမ်းရည်ဟာ အနည်းငယ်မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင် ဟားမတ်တို့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုအောက်မှာ ဆုံးရှုံးမှုတွေ ကြီးမားခဲ့လို့ပါပဲ။
အီရန်နိုင်ငံကလည်း တိုက်ပွဲအတွေ့အကြုံတော်တော်လေးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးမှာ အီရန်နဲ့အီရတ်တို့စစ်ဖြစ်ပြီးနောက်ပိုင်း အီရန်အနေနဲ့ စစ်ရေးအတွေ့အကြုံ ကောင်းတွေ များစွာရရှိခဲ့တာပါ။
အခုလက်ရှိအချိန်မှာလည်း ပြည်ပအင်အားကြီးနိုင်ငံများရဲ့ ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ကြားထဲကမှ စစ်လက်နက် ပစ္စည်းပိုင်းမှာ တိုးတက်မှုတွေရအောင် လုပ်ဆောင်နိုင်ခဲ့သလို အခက်အခဲတွေကြားမှာ ရှင်သန်နေထိုင်စွမ်းရှိတဲ့ နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။
နောက်ထပ်နှိုင်းယှဉ်သင့်တဲ့ အကြောင်းအရာတစ်ခုကတော့ မဟာမိတ်အဖွဲ့တွေ ဖွဲ့ထားနိုင်မှုပါ။ ပဋိပက္ခတစ်ခုဖြစ်ပြီဆိုရင် ဘယ်နိုင်ငံကမှ လက်ပိုက်ကြည့်မနေကြပါဘူး။ အထူးသဖြင့် သူတို့နဲ့ပတ်သက ဆက်နွှယ်နေတဲ့ မဟာမိတ်နိုင်ငံတွေပေါ့။
အစ္စရေးဘက်မှာ အဓိကအမာခံထောက်တိုင်အဖြစ် အမေရိကန်နိုင်ငံရှိပါတယ်။ အမေရိကန်က သူတို့ရဲ့ ပင်မစစ်စခန်းကြီး ခြောက်ခုကို အီရန်နိုင်ငံရဲ့ ပတ်ပတ်လည်ဖြစ်တဲ့ ပါရှန်းပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်ကွေ့တို့မှာ ချထားသလို အီရတ်၊ ဂျော်ဒန်၊ ဆီးရီးယားနဲ့ တူကီယဲနိုင်ငံတို့မှာလည်း စစ်စခန်းတွေကို ဖြန့်ကြက်ထားပြန်ပါတယ်။
အမေရိကန်က အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြန့်ကြက်ချထားတဲ့ တပ်ဖွဲ့တွေထဲမှာ တိုက်ခိုက်ရေးလေယာဉ်တင် သင်္ဘောအုပ်၊ ပြည်ပတိုက်ခိုက်ရေးအဖွဲ့များ၊ ထောက်ပံ့ရေးအဖွဲ့များ၊ မိုင်းခင်း/မိုင်းရှင်းအဖွဲ့များ၊ ရေငုပ်သင်္ဘောတပ်ဖွဲ့များနဲ့ ကင်းထောက်တပ်ဖွဲ့များ ပါဝင်တဲ့ အမှတ်(၅)ရေယာဉ်စုလည်း ပါဝင်ပါတယ်။
အီရန်ဘက်မှာကျတော့ ဒေသတစ်ဝန်းမှာရှိတဲ့ နိုင်ငံတော်အဆင့်ရော၊ နိုင်ငံတော်အဆင့်မဟုတ်တဲ့ အဖွဲ့အစည်းတွေရောရှိနေပါတယ်။ သူတို့ကိုတော်လှန်ရေးဝင်ရိုးလို့လည်း ခေါ်ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါသေးတယ်။ အဲဒီနိုင်ငံကြီးတွေအနေနဲ့ ပဋိပက္ခဖြစ်လာပြီဆိုရင် တိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ပေမယ့် ကုလသမဂ္ဂလိုမျိုး အရေးပါတဲ့နေရာတွေမှာ အီရန်အပေါ်ထောက်ခံမှုတွေ ပြုလုပ်လာနိုင်ပါတယ်။
ဒါဆိုရင် အစ္စရေးနဲ့အီရန်တို့မှာ စစ်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုအရာတွေ ပိုင်ဆိုင်ထားတယ်။ ဘယ်လိုအစွမ်းတွေ ရှိတယ်။ ဘယ်လိုမဟာမိတ်တွေ ရှိတယ်ဆိုတာကို လေ့လာမိလောက်ပြီလို့ ယူဆပါတယ်။
သို့သော်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဖက်နဲ့တစ်ဖက်ဟာ ဘယ်လိုစစ်လက်နက်ပစ္စည်း၊ ဘယ်လိုစစ်အင်အားကို ပိုင်ဆိုင်ထားသည်ဖြစ်စေ စစ်ဖြစ်လာပြီ ဆိုရင်တော့ နောက်ဆုံးမှာ စစ်ပွဲကိုအနိုင်ရရှိရေးသာ ဦးတည်လာမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Ref: Sputnik