လမင်းသို့ထိန် သူရိန်သို့လင်းကြပါစေ
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်၍ ထိပ်တန်းအဆင့်ရောက်ရှိနေသော နိုင်ငံသားတိုင်းစာဖတ်ကြသည် ဟူသောအဆိုကို လူတိုင်းမျှပင်ကြားဖူးကြပေသည်။
မိမိတို့၏လူမှုဝန်းကျင်၌လည်း ပညာရွှေအိုးလူမခိုး၊ အလိမ္မာ စာမှာရှိ၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဟူသော စကားပုံများအပြင် လူတိုင်းအတွက် မရှိမဖြစ်အရေးကြီးစွာလိုအပ်သဖြင့် မဖြစ်မနေ ရှာဖွေသင်ယူသင့်ပုံကို ပညာရှာ ပမာသူဖုန်းစားဟူသော အဆိုစကားရပ်တို့ဖြင့် စာဖတ်ခြင်းကို အလေးထားကြကြောင်း ညွှန်းဆိုလျက်ရှိပေသည်။
စာအုပ်စာပေ ဖတ်မှတ်လေ့လာခြင်း အလေ့အထမှာ လူသားတို့ပြုမူလေ့ရှိသည့် အလေ့အထများအနက် လွန်စွာ အကျိုးကျေးဇူး ကြီးမားလှသည့် အလေ့အထဖြစ်သည်။ စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများကို မှတ်သားခဲ့မိသမျှများစွာရှိခဲ့သည့်အနက် ဦးနှောက်ဖွံ့ဖြိုးစေရန်စာဖတ်ခြင်း၊ လောကဓံကို ခံနိုင်ရည်ရှိစေရန် စာဖတ်ခြင်း၊ လူတော်လူကောင်းဖြစ်စေရန် စာဖတ်ခြင်း၊ ကိုယ်ချင်းစာစိတ်ရှိစေရန်စာဖတ်ခြင်း၊ အာရုံစူးစိုက်မှု တိုးတက်စေရန် စာဖတ်ခြင်းဟူသည်တို့လည်း အပါအဝင်ဖြစ်သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အဆိုအမိန့်များအနက် ၁၆ ဦးမြောက် အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်း၏ ကျွန်ုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ၆ နာရီပေးရင် ၄ နာရီကို ပုဆိန်သွေးနေမှာပါ ဟူသော လူတိုင်းကိုယ်စီစာဖတ်ကြရန် တိုက်တွန်းထားသည့် အဆိုအမိန့်ကို လွန်စွာပင် နှစ်ခြိုက်မိသည်။ အေဗရာဟင်လင်ကွန်းမှာ ဆင်းရဲချို့တဲ့သည့် သာမန်အောက်ခြေ သစ်ခုတ်သမားမိသားစုမှ စာဖတ်ခြင်း အကျိုးကျေးဇူးကြောင့် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်သည်အထိ အောင်မြင်ခဲ့သူဖြစ်သည့်အပြင် အမေရိကန်ပြည်တွင်းစစ်ကြီးပြီးဆုံးစေရန်နှင့် တိုင်းပြည်နှစ်ခြမ်းမကွဲစေရန် ထိန်းသိမ်းတည့်မတ်ပေးနိုင်ခဲ့သူဖြစ်သည်။
မည်သည့်အလုပ်အကိုင်အမျိုးအစားကိုမဆိုလုပ်ကိုင်ရာ၌ အတွေ့အကြုံ၊ လုပ်ပုံလုပ်နည်း၊ စွမ်းရည်အား စသည့်ကိုယ်ရည်ကိုယ်သွေးများက လွန်စွာအရေးပါသည်။ အချိန်အတိုတောင်းဆုံး ကာလတစ်ခုအတွင်း လိုအပ်သည့် ကိုယ်ရည်ကိုယ်သွေးတို့ကို စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်သာ ဖြည့်ဆည်းမြှင့်တင်နိုင်ပေသည်။ ထို့ကြောင့် အောင်မြင်တိုးတက်မှုကို ရယူပိုင်ဆိုင်လိုသူတိုင်း စာဖတ်ခြင်းအလေ့အထကို မဖြစ်မနေအချိန်ယူ လုပ်ဆောင်သင့်ပေသည်။ မိမိတို့နိုင်ငံသည် ကိုယ်ပိုင်စာပေနှင့်ယဉ်ကျေးမှု အရာ၌ အဆင့်အတန်း ရှိရှိဂုဏ်သိက္ခာ မြင့်မားခဲ့ကြသည်။ ထို့ကြောင့် လည်း မိမိတို့နိုင်ငံသားများ၏ လူ့အသိုက်အဝန်း၌ အထက်တွင်ဆိုခဲ့သော ပညာရွှေအိုးလူမခိုး၊ အလိမ္မာ စာမှာရှိ၊ စာအုပ်စာပေ လူ့မိတ်ဆွေ၊ ပညာရှာ ပမာသူဖုန်းစား ဟူသော အဆိုစကားရပ်တို့ ထွန်းကားခဲ့ခြင်းပင် ဖြစ်သည်။
မည်သည့်ခေတ်ကာလတွင်မဆို လူတိုင်းကိုယ်စီ စာများများဖတ်ကြရန်လိုသည်။ စာတတ်ပြီး စာမဖတ်ကြသူများကို မျက်လုံးတစ်ဖက်ကန်းနေသူ သို့မဟုတ် အမြင်ေ၀ဝါးနေသူအဖြစ် တင်စားတတ်ကြသည်။ စာဖတ်ခြင်းဖြင့် သိမ်ငယ်နေသောစိတ်ထားကို မြှင့်တင်ပေးနိုင်သလို ပျောက်ဆုံး ေ၀ဝါးနေသော အသိဉာဏ်တို့ကိုလည်း ပိုင်ဆိုင်ရရှိစေနိုင်သည်။ ယင်းအပြင် ပျော်ရွှင်ဖွယ်ကောင်းသော၊ ငြိမ်းချမ်းမှုအနှစ်သာရပြည့်ဝသော လူ့အသိုက်အဝန်းတစ်ရပ်ကို ဖန်တီးသည့်ခွန်အားများကိုလည်း စာပေကဖန်တီးနိုင်စွမ်း ရှိသည်ကို သတိပြုမိကြရန်လိုပေသည်။ တတ်သိပညာ ဟူသည်မှာသင်ယူ၍ ကုန်သွားရိုးထုံးစံ မရှိသဖြင့် မိမိတို့သက်တမ်းနှင့်အမျှ သင့်လျော်ရာစာပေတစ်မျိုးမျိုးကို ဖတ်ရှုလေ့လာ သင့်ကြပေသည်။ စိတ်ကောင်းထားပါ။ စိတ်ထားကောင်းလျှင် ကံကောင်းသည်ဟုလည်း ဆိုကြသလို စိတ်ကောင်းရှိရန် စာကောင်းကိုရွေး၍ ဖတ်ရမည်ဟူသည်ကိုလည်း အများကြားဖူးကြမည်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် စာဖတ်ရာ၌ ဆရာမကြီး ဒေါ်စောမုံညင်း မိန့်မှာဆုံးမခဲ့သည့် စာကိုငါးဟင်းစားသကဲ့သို့ ဖတ်ရမည်ဟူသည့်အတိုင်း သတိပြုမူလိုက်နာ ဖတ်ရှုသင့်ကြပေသည်။ စာဖတ်ရာ၌ စာပေဝန်းကျင်မှ ညစ်ညမ်းသော၊ အဆိပ်အတောက်ရှိသော စာအုပ်စာပေများကို ငါးဟင်းစားလျှင် အရိုးကိုပစ်ပယ်ရသကဲ့သို့ ညစ်ညမ်းသော၊ အဆိပ်အတောက်ရှိသော စာအုပ် စာပေများကို ဖယ်ရှားဖတ်ရှုကြရမည်ဖြစ်သည်။
စာဖတ်သူမှာ စာမဖတ်သူများထက် နှာတစ်ဖျားသာမြဲဖြစ်သည်။ ပညာတတ်ခြင်း၊ အတွေးအခေါ်ချင်း တူနေလျှင်ပင် စာဖတ်သူကစေ့စပ်မှု၊ နည်းစနစ်နှင့် ဇွဲလုံ့လတို့သာလွန်ဖြင့် အောင်မြင်မှုခြင်းလည်း ကွာခြားကြရသည်။ ချမ်းသာကြွယ်ဝမှုချင်းတူလျှင်လည်း စာဖတ်သူကစိတ်ရင်းစေတနာနှင့် ကိုယ်ချင်းစာစိတ်တို့ သာလွန်သဖြင့် ဂုဏ်သိက္ခာထည်ဝါမှုနှင့် လူ့အနှစ်သာရအဆင့်အတန်းချင်း ကွဲပြားခြားနားကြသည်။ ထို့ကြောင့်ပင် စာမဖတ်သူနှင့် စာဖတ်သူတို့၏ ကံအကျိုးပေးချင်းလည်း တူညီနိုင်ကြမည်မဟုတ်သည်ကို ဆင်ခြင်သိမြင်သင့်လှသည်။ အလှူဒါနပြုကြရာ၌ပင် မိမိ၏အလှူဒါနအပေါ်တွင် ထားရှိသည့် ရည်ရွယ်ချက်စိတ်ထားနှင့် အနှစ်သာရသဘောထားချင်းမှာလည်း စာဖတ်သူနှင့် စာမဖတ်သူတို့ကြား ကွဲပြားသဖြင့် လောကီလောကုတ် အကျိုးစီးပွားဖြစ်ထွန်းပုံ အကြီးအသေးချင်းလည်း ကွဲပြားခြားနားနေမည်သာ ဖြစ်သည်။ တိုင်းပြည်တာဝန် တစ်ရပ်ရပ်ကို ထမ်းဆောင်ရသည်ဖြစ်စေ၊ တိုင်းပြည်ကိုချစ်သည့် အချစ်ချင်းဖြစ်စေ အနှစ်သာရပြည့်ဝမှုခြင်းမတူညီသဖြင့် အတ္တ၊ ပရလူ့စိတ်ထား အဆင့်အတန်းခြင်းလည်း တူညီနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့်ပင် စာဖတ်သူတိုင်း ကိုယ်ရည်ကိုယ်သွေး ပိုမိုမြင့်မားကြသလို လူအများကိုလည်း စာဖတ်ရန် တိုက်တွန်းနှိုးဆော်လေ့ရှိကြသည်။
အနောက်တိုင်းသားများက စာဖတ်ခြင်းအလေ့အထကို လွန်စွာပင်အလေးထား ကြသည်ကိုလည်း တွေ့ရသည်။ ဖွံ့ဖြိုးတိုးတက်သော အနောက်နိုင်ငံကြီးတစ်နိုင်ငံတွင် မြို့သစ်၊ ရွာသစ်၊ ရပ်ကွက်သစ်တစ်ခု စတင် တည်ထောင်တိုင်း စာကြည့်တိုက်များကို မဖြစ်မနေအဓိက ဦးစားပေးအဖြစ် ထည့်သွင်း တည်ဆောက် ကြကြောင်း သိရသည်။ ယင်းအလေ့အထမှာ အားကျအတုယူဖွယ်ရာ ကောင်းလှပေသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀၀ ကျော်ခန့်ဖြစ်သည့် ၁၅၉၇ ခုနှစ်က ဗြိတိသျှအတွေးအခေါ် ပညာရှင် Francis Bacon ဆိုသူက စာဖတ်ခြင်း၊ ဗဟုသုတရှာမှီးခြင်းတို့နှင့် ပတ်သက်သည့် Knowledge Is Power ဟူသည့် အဆိုကို ဆိုမိန့်ခဲ့ကြောင်းသိရသည်။ ယင်းအချိန်မှစ၍ အနောက်နိုင်ငံများ အနေဖြင့် အသိပညာမျက်နှာစာဘက်သို့ ဦးတည် ပြောင်းလဲသွားခြင်းနှင့်အတူ အခြားသော ကမ္ဘာ့နိုင်ငံများထက် ပိုမိုအသိဉာဏ် ကြွယ်ဝလာပြီး ပိုမို၍လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်ကို တွေ့ရသည်။
ဤယနေ့ခေတ်တွင်မူ စာဖတ်ခြင်းကို အခြေပြုသည့် တတ်သိပညာနယ်ပယ်မှာ နယ်ပယ်ကဏ္ဍစုံ၌ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ အသိပညာအား ထုတ်လုပ်သူအရင်းအမြစ် တစ်ရပ်အဖြစ် အသုံးချကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးတို့အတွက် ထိရောက်အောင်မြင်စွာ အသုံးချလျက် ရှိနေပြီဖြစ်သည်။ ကုန်လွန်ခဲ့သည့် ရာစုနှစ်များကို သုံးသပ်မည်ဆိုပါက ၁၆ ရာစုနှစ်တွင် အနုပညာထွန်းကားသော ရာစုနှစ်အဖြစ် မိုက်ကယ်အိန်ဂျလို၊ လီယိုနာယိုဒါဗင်ချီ၊ ရှိတ်စပီးယားတို့ ပေါ်ထွန်းခဲ့သည်ကို ထောက်ချင့်၍သုံးသပ်နိုင်သည်။ ၁၇ ရာစုနှစ်ကိုမူ သိပ္ပံပညာခေတ်ဦးအဖြစ် နယူတန်၊ ဂယ်လီလီယိုတို့၏ တီထွင်ဖန်တီးခဲ့မှုများကို ထောင့်ချင့်၍ သုံးသပ်ကြသည်။ ၁၈ ရာစုတွင် နိုင်ငံရေးအတွေးအခေါ် အယူအဆများ ဆန်းသစ်ဖွံ့ဖြိုးခဲ့ရာ သောမတ်ဒန်ပါဆန်၊ အဒန်ဆစ်တို့မှာ ထင်ရှားကျော်ကြားကြသူများ ဖြစ်သည်။ ၁၉ ရာစုတွင်မူ ကူးသန်းရောင်းဝယ်ရေးနှင့် ကိုလိုနီစနစ်တို့ ရောထွေး ဖွံ့ဖြိုးခဲ့သည်ကို တွေ့ရသည်။ ယင်းကာလတွင် ကိုလိုနီနယ်မြေဖန်တီးမှုများ၊ စစ်ပွဲကြီးများဖြင့် အရုပ်ဆိုးအကျည်းတန်သော ကမ္ဘာကြီးအဖြစ် ပြောစမှတ်ပြုကြသည်။
၂၀ ရာစုနှင့် ၂၀ ရာစုလွန်ယနေ့ခေတ်တွင်မူ နိုင်ငံရေး၊ စီးပွားရေးတို့အပြင် လူသားမှတ်ဉာဏ်တူ နည်းပညာ အပါအဝင် နည်းပညာနှင့် ကဏ္ဍနယ်ပယ်စုံ ပြောင်းလဲတိုးတက်နေခြင်းနှင့်အတူ လူသားအသိုက်အဝန်းကြီး တစ်ခုလုံးအတွက် အလွန်အန္တရာယ်ကြီးသော ကာလတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့ရသည်။
ထို့ကြောင့်ပင် ကြမ်းတမ်းခက်ထန်လာသော လူသားတို့၏ စိတ်နေစိတ်ထားတို့ကို သည်းခံခွင့်လွှတ်မှု စိတ်နေစိတ်ထားများ မျှဝေဖြန့်ဖြူးပေးနိုင်ရန် လိုအပ်လျက်ရှိပေသည်။ လူသားတို့ကို စိတ်နေစိတ်ထားကို ထိန်းမတ်ပြုပြင်ရေးအတွက် စာအုပ်စာစောင်များမှာ အသင့်လျော်ဆုံးနှင့် အကောင်းမွန်ဆုံးသော ဆေးတစ်ပါးဖြစ်ပေသည်။ ထို့ကြောင့်ပင် စာပေဖတ်ရှုနိုင်သည့် အခြေအနေ အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်နှင့် စာဖတ်သူဦးရေ ပိုမိုတိုးပွားလာစေရေး ဆောင်ရွက်ရန်မှာ မိမိတို့လူ့အသိုက်အဝန်း တစ်ခုလုံးအတွက် အလိုအပ်ဆုံးနှင့် အရေးအကြီးဆုံး လှုပ်ရှားမှုအဖြစ် သုံးသပ်တွေ့မြင်နိုင်ပေသည်။
ထိုအခြေအနေတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် မိမိတို့လူ့အသိုက်အဝန်းကို တတ်စွမ်းသမျှ စာပေဖြင့် ထိန်းသိမ်းတည့်မတ် ပျိုးထောင်ပေးရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်ကို တွေ့ရသည်မှာ လွန်စွာပင် ပီတိဖြစ်ဖွယ်ရာ ကောင်းလှပေသည်။ စာရေးသူမှာ စာပေဖြင့်အသက်မွေးဝမ်းကျောင်း ပြုခွင့်ရထားသူဖြစ်၍ အမျိုးသားပြတိုက် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှစ်ရပ်လုံးသို့ ဝမ်းမြောက်ပီတိကြီးစွာ တက်ရောက်ခွင့်ရခဲ့သည်။ ပထမအခမ်းအနားမှာ ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်တွင် နိုင်ငံတော်အကြီးအကဲနှင့်ဇနီး မိသားစုက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည့် အခမ်းအနား ဖြစ်သည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲနှင့်ဇနီး မိသားစုက လူထုသိပ္ပံကျမ်း အတွဲ(၁၊ ၂၊ ၃)အတွက် အတွဲတစ်တွဲလျှင် စာအုပ် ၁၅၀၀ နှုန်းဖြင့် စာအုပ်ပေါင်း ၄၅၀၀ ကိုလှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနား၌ပင် ပြန်ကြားရေးဝန်ကြီးဌာနမှလည်း သုတရသစာအုပ် ၅၅၀၀ ကို လှူဒါန်းခဲ့သဖြင့် စုစုပေါင်းလှူဒါန်းခဲ့သည့် စာအုပ်အရေအတွက်မှာ စာအုပ်ပေါင်း ၁၀၀၀၀ တိတိရှိခဲ့သည်ကို ဝမ်းမြောက်ဖွယ်ရာတွေ့ရှိခဲ့ရသည်။
ဒုတိယအခမ်းအနားမှာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားဖြစ်သည်။ ယင်းအခမ်းအနား၌ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့/ဌာနချုပ်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြင်ပအလှူရှင်များက အလှူငွေကျပ် သိန်းပေါင်း ၅၆၀၀၈၇၅၀၀ ကျပ်နှင့် သုတရသ စာအုပ်စာစောင် ၄၈၃၅၇ အုပ် လှူဒါန်းခြင်း အခမ်းအနား ဖြစ်သည်။ ယင်းအခမ်းအနားနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဆင့် အဖွဲ့အစည်းများ၏ အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားမှလည်း ငွေကျပ်သိန်းပေါင်း ၄၂၅၀၇၇၉၅၀ ကျပ်နှင့် သုတရသစာအုပ်စာစောင် ၃၀၈၅၄ အုပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ်သိန်းပေါင်း ၉၈၅၁၆၅၄၅၀ ကျပ်နှင့် သုတရသစာအုပ်စာစောင်ပေါင်း ၇၉၂၁၁ အုပ် မကြုံစဖူးလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်ကို အံ့သြဝမ်းမြောက်ဖွယ်ရာတွေ့ရပေသည်။
စာအုပ်စာစောင်များ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရင်တွင်းလာ စေတနာ သြဝါဒများစွာကို ကြားနာမှတ်သားခွင့်လည်း ရရှိခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က စာကြည့်တိုက်ဆိုသည်မှာ ပညာဖြန့်ဝေပေးရာ ဌာနကြီးတစ်ခုဖြစ်ကြောင်း ပြောကြားသည်။ ယင်းအပြင် နိုင်ငံတော်ဝန်ကြီးချုပ်က လူထုသိပ္ပံကျမ်းစာအုပ်များကို လှူဒါန်းခဲ့သည့် အခမ်းအနားတွင် စာအုပ်စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်ကြောင်း၊ ယခုလှူဒါန်းသည့် စာအုပ်များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကျော်က ဆိုသော်လည်း ယနေ့ခေတ်လူငယ်များ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်ကြောင်း၊ မိမိပင်လျှင် တချို့မသိကြောင်း၊ စာအုပ်၏တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ ရသည့်အသိက တန်ဖိုးမဖြတ်နိုင်လောက်အောင် အကျိုးရှိမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
အချုပ်အားဖြင့် ဆိုရပါမူ အတန်းပညာများ သင်ယူခြင်းသည် အနာဂတ်နိုင်ငံတော်နှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးတည်ဆောက်ခြင်းပင် ဖြစ်သည်။ ပိုမိုကောင်းမွန်ပြီး ပိုမိုထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို ဖန်တီးမည်ဆိုက ကျောင်းစာအတန်းစာများကို ပြီးမြောက်အောင် သင်ကြားစေရုံမျှဖြင့် လုံလောက်နိုင်မည်မဟုတ်ဘဲ လူတိုင်းကိုယ်စီက မိမိတို့ပင်ကိုအသိ၊ ပင်ကိုဆန္ဒဖြင့် သီးသန့်အချိန်ပေးစာဖတ်ကြသည့် တတ်သိပညာ ကြွယ်ဝသော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်လာရန် လိုအပ်သည်။ ထို့ကြောင့်ပင် မိမိတို့နိုင်ငံသားတိုင်း ပင်ကိုအသိ၊ ပင်ကိုဆန္ဒဖြင့် စာဖတ်ကြပြီး လမင်းသို့ထိန် သူရိန်သို့လင်းကြသော တတ်သိပညာ ကြွယ်ဝသူများ ဖြစ်တည်လာနိုင်ပါစေကြောင်း ဆန္ဒမွန်ဖြင့် ဂုဏ်ပြုဖော်ညွှန်း ရေးသားအပ်ပါသည်။ ။
ဘုန်းရဲနိုင်(ဂန့်ဂေါ)