မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ်နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး တံတားအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအိုနှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံဆိပ်ကမ်းလှေဆိပ်နေရာနှင့် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေး ဂိတ်သို့ရောက်ရှိပြီး ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်သည့်နေရာနှင့် ဝမ်ပုံလှေဆိပ်နေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) တပ်ဖွဲ့ခွဲဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ရဲတပ်ဖွဲ့ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) အစည်းအဝေးခန်းမ၌ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်နှင့်အညီ နှစ်နိုင်ငံ ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်ချက်များကို ကြိုတင်စီစဉ်ဆောင်ရွက် ထားနိုင်ရေး၊ လန်ချန်း - မဲခေါင် ကုန်သွယ်မှု မူဘောင်အရ ဆောင်ရွက်နေသော်လည်း လက်ငင်း ဆောင်ရွက်ရန် လိုအပ်ပါက အချိန်မီဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ကုန်တင်ယာဉ်နှင့် လူစီးယာဉ်များ ဝင်ထွက်သွားလာနေမှုအပေါ် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ အမှတ်(၁) ချစ်ကြည်ရေး တံတား၌ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(BP)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)တို့ဖြင့် ဖြတ်သန်းခွင့်ပြုဆောင်ရွက်နေမှု ၊ TBP လာရောက်ဆောင်ရွက်သည့် ပြည်သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများမေးမြန်း၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် အမှတ်(၁) ချစ်ကြည်ရေး တံတားအနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင် ဦးစီးမှူးရုံးသို့ရောက်ရှိပြီး မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရုံးအဆောက်အအုံများ ပြန်လည်သန့်ရှင်း သပ်ရပ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တာချီလိတ်၊ မိုင်းတုံနှင့် မိုင်းဆတ်ခရိုင်တို့ရှိ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဝန်ထမ်းများအားတွေ့ဆုံသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။