ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း၊ ရန်ကုန်)တို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းများ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ စိစစ်အတည်ပြုရွေးချယ်
နေပြည်တော် နိုဝင်ဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်ကြကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်)တို့ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကိုရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေးအတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံသောနယ်စပ်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းများအတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ၂၂၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ၂၂၃ ဦး စုစုပေါင်း ၄၄၄ ဦးကို စိစစ်အတည်ပြု ရွေးချယ်ခဲ့ပြီး ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ လေးနှစ်နှင့် A.G.T.I ဒီပလိုမာ သုံးနှစ် သင်ကြားပေးသွားမည်ဖြစ်ကာ ကျောင်းဆင်းပြီးချိန်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ရရှိသူများကို ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူ ရာထူးနေရာများအတွက် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။