ရည်မှန်းချက်အသွယ်သွယ် ဆုံစည်းစေသော အမျိုးသား အားကစားပွဲတော်

ရည်မှန်းချက်အသွယ်သွယ် ဆုံစည်းစေသော အမျိုးသား အားကစားပွဲတော်

အနောက်တောင်မုတ်သုံလေကား တရွေ့ရွေ့ဆုတ်ခွာသွားလေပြီ။ ထို့အတူ ဟေမန်ဆောင်း၏အဖော် မြောက်လေအေးသည်လည်း လောကဓာတ်ကို တစ်စတစ်စလွှမ်းခြုံလာခဲ့လေပြီ။ ရာသီတို့အလီလီ ရွေ့လျားလာသည်နှင့်အမျှ စာရေးသူတို့နိုင်ငံ၏ အထူးခြားဆုံးဖြစ်မည့် ပွဲတော်ကြီး ကျင်းပရာကာလသည်လည်း တရွေ့ရွေ့နီးကပ်လို့လာပါပြီ။ အမျိုးသား အားကစားပွဲတော်ကာလ နီးကပ်လာသည်နှင့်အမျှ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည်လည်း စိတ်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာမည်ဖြစ်ပေသည်။ အကြောင်းမှာ အမျိုးသားအားကစားပွဲတော်တွင် အနိုင်ရရှိရေးထက်ပိုသော နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်ခံရရေး မခံရရေးဆိုသည့် ခံစားချက်၊ အိပ်မက်များက မောင်မယ်တို့ကို လွှမ်းမိုးထားခြင်းကြောင့်ပင်ဖြစ်ပေသည်။ ဆိုရလျှင် အမျိုးသားအားကစားပွဲတော် ဆိုသည်ကား နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းစေရေးအတွက် ဆန်းစစ်ခံရမည့် ပြိုင်ပွဲကြီး တစ်ခုဆိုလျှင်လည်း မှားနိုင်မည်မထင်ပါ။
အမျိုးသားအားကစားပွဲတော်ဟုဆိုလျှင် အမျိုးသားအားကစားပွဲတော် သမိုင်းအချို့ကိုလည်း တင်ပြလိုပါသေးသည်။ စာရေးသူတို့မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်ကြီးကို လေးကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သည်။ ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ် မေလတွင် လည်းကောင်း၊ ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလတွင် လည်းကောင်း၊ တတိယအကြိမ်အမျိုးသား အားကစားပွဲတော်ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း အသီးသီး ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် စတုတ္ထအကြိမ်အမျိုးသား အားကစားပွဲတော်အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်တွင် ကျင်းပခဲ့ပြီး ယခုပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ကြီးကိုလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်ထိ နေပြည်တော်တွင်ပင် ကြီးကျယ်ခမ်းနားစွာ ကျင်းပတော့မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဟူသည့် ဦးတည်ချက်များကို တွေ့မြင်ရမည်ဖြစ်သည်။ တာဝန်ယူထားသော အစိုးရတစ်ရပ်အနေဖြင့် ဆိုခဲစေမြဲစေဆိုသည့်အတိုင်း ချမှတ်ထားသော ဦးတည်ချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အစိုးရတစ်ရပ်သည် နိုင်ငံတော်ကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်၏ ပကတိလိုအပ်ချက်ကို မြင်အောင်ကြည့်၍ အကောင်အထည် ဖော်ရခြင်းဖြစ်သည်။
မှတ်ကျောက်တင်ခံနိုင်သော အစိုးရတစ်ရပ်ဟုသာ အသိပေးလိုသည်။ မကြာမီကျင်းပတော့မည့် အမျိုးသားအားကစား ပွဲတော်ကြီးနှင့်စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်မှုများကို လေ့လာကြည့်ကြမည်။ အမျိုးသားအားကစား ပွဲတော်ကြီးသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွစေနိုင်ရန် အတွက် ကျင်းပခြင်းသာဖြစ်သည်။ တိုင်းရင်းသား အားလုံး၏ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများနှင့် တည်ငြိမ်အေးချမ်းမှုများကို ဖော်ထုတ်ပြနိုင်မည့် ပြိုင်ပွဲကြီးတစ်ခုသာဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် အားကစားပြိုင်ပွဲအဖြစ် ရှုမြင်၍မရဘဲ နိုင်ငံတော်အဆင့် အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျ ဆောင်ရွက်သွားမည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်နှင့်သာ ခံယူရှုမြင်ရမှာဖြစ်သည်။
တိုင်းရင်းသားပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နေသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ကြီး၏ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကိုလည်း အဆင့်မီမီကျင်းပ သွားမည်ဖြစ်သည်။ ထို့ပြင် အမျိုးသားအားကစား ပွဲတော်နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ပြည်သူများထံ စီးဆင်းစေရေး၊ ပြိုင်ပွဲအပေါ် ပြည်သူလူထုကစိတ်ဝင်စားမှုမြင့်တက်စေရေး အတွက် အင်တာဗျူး အစီအစဉ်များ၊ အားကစားပွဲဆိုင်ရာ သီချင်းအသစ်များ၊ ပညာပေးဇာတ်လမ်းတိုများနှင့် ဟာသဇာတ်လမ်းတိုများအား နိုင်ငံပိုင်မီဒီယာပေါင်းစုံတွင်သာမက Social Media Platform များတွင်ပါ ဆောင်ရွက်နေသည်များကိုလည်း မြင်တွေ့နေရပြီဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်း အားကစားသမားများ၊ ဝန်ကြီးဌာနအလိုက် အားကစားသမားများ အနေနှင့်လည်း သက်ဆိုင်ရာနေရာ အသီးသီးတွင် စခန်းသွင်းလေ့ကျင့်နေကြပြီဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခြင်းများကို ဝေဝေဆာဆာ တွေ့မြင်နေရသည်။ အနိုင်ရရှိသည့် ထူးချွန်အားကစား သမားများကိုလည်း ထိုက်ထိုက်တန်တန်ဆုများ ချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းဆိုင်ရာ ဂုဏ်ပြုအစီအစဉ်များကိုလည်း ကြားသိခွင့်ရပြီဖြစ်သည်။ အမျိုးသားအားကစား ပွဲတော်ပြိုင်ပွဲများက တစ်ဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်ခွင့်ရသည်အထိ ကြိုးစားခွင့်ရှိကြောင်း အားကစားမောင်မယ်များကို သတင်းစကားပါးလိုသည်။
အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကျွေးမွေးမှုအပိုင်းတွင် အားကစားနည်းအလိုက် သိပ္ပံနည်းကျ စနစ်တကျနှင့် ကယ်လိုရီ တွက်ချက်ကျွေးမွေးမှု၊ ခွန်အားတိုးမြင့်စေရန် တားမြစ်ဆေးများမသုံးစွဲဘဲ တိုင်းရင်းဆေးဝါးများနှင့် ဖော်စပ်ကျွေးမွေးစေရေးထိ အကြီးအကဲများမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်သည်။ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုခြင်းအစီအစဉ်ကို ကြားသိလိုက်သည်နှင့် စာရေးသူတို့ ငယ်စဉ်ဘဝက အားကျခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားများအဖြစ် ရေပန်းစားခဲ့သည့် တိုက်စစ်မှူး ကိုမျိုးလှိုင်ဝင်း၊ ကိုသန်းတိုးအောင်၊ အလယ်တန်းသမားကိုမောင်မောင်ဦး၊ ကိုကြည်လွင်၊ နောက်တန်းခံစစ်ကိုစိုးနိုင်၊ ဂိုးသမားကိုအောင်ကျော်ကျော်တို့၏ အတိတ်ကပုံရိပ်များကို စာရေးသူပြန်လည်မြင်ယောင်မိသည်။ စာရေးသူသိသမျှ ပြောပြခဲ့သည့် အားကစားသမားများသည် ဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားဖြစ်ခဲ့ကြသည်။
ထိုခေတ်အခါသည် မြန်မာ့အားကစားရွှေရောင် လွှမ်းခဲ့သော ခေတ်တစ်ခေတ်ဟု ဆိုရပေမည်။ ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးသည် ထိုသမိုင်းတစ်ခေတ်အသွင် ပြန်လည်ခြယ်မှုန်းနိုင်မည်လားဟူသည့် စကားလုံးများက စာရေးသူ၏နှလုံးသားထဲ တသွင်သွင်စီးဆင်းနေ၏။
စာရေးသူတို့ငယ်စဉ်ဘဝ နွေရာသီအားကစား သင်တန်းများ ခေတ်စားသည်။ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲများကား တိုး၍မပေါက် လက်မှတ်ကုန်၍ ကစားကွင်းအုတ်တံတိုင်းပေါ် ကျော်တက်ပြီး ငယ်သံပါအောင် အားပေးခဲ့ဖူးသည်။ ပြည်ပအားကစား ပြိုင်ပွဲများကို နိုင်ငံပိုင်ရုပ်သံမီဒီယာများမှ ပြသတိုင်း လမ်းပေါ်တွင် ဆော့နေကျကလေးများ မရှိတော့ပေ။ တီဗွီရှိသည့်အိမ်များတွင်သာ ဆူညံပွက်လောရိုက်နေခဲ့ရသည်။ ကိုယ့်နိုင်ငံသား အားကစားသမားကို အဝါကတ်ပြခဲ့လျှင် စာရေးသူတို့၏ ဒေါသများက တီဗွီဖန်သားပြင်အား ဖောက်ဝင်၍ ကွင်းထဲထိရောက်သွားလုမတတ် မကျေမချမ်းဖြစ်ကြရသည်။ ဂိုးကန်သွင်းချက်လွဲသွားတိုင်း ရှေ့မှကြည့်နေသူကို ကန်ကန်မိသည့်အတွက် တောင်းပန်ရသည်ကလည်း အခါခါပင်။
ပွဲစဉ်ပြီးသွားပါက ပြည်ပတွင်ယှဉ်ပြိုင်နေသည့် အသင်းက မောသည်မမောသည်မသိ၊ စာရေးသူတို့ခမျာ တီဗွီဖန်သားပြင် ပြင်ပတွင်မော၍သာ ကျန်ခဲ့တတ်သည်။ ထိုသည်ကား တစ်ခေတ်တစ်ခါက မြန်မာ့အားကစားအပေါ် ထင်ဟပ်စေခဲ့သည့် ဖြူစင်ရိုးသားသော မြန်မာတို့၏ ပွဲကြည့်ဓလေ့သဘာဝ တစ်ခုသာဖြစ်သည်။ ယနေ့ ထိုခေတ်တစ်ခါကို တမ်းတမ်းတတ လွမ်းမိနေပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်ထိုကာလများသည် အားကစားကဏ္ဍ၏ အရှိန်အမြင့်ဆုံး ကာလတစ်ခုဖြစ်ပြီး အားကစားသမားများ အတွက် အတောက်ပဆုံးသော ကာလများလည်းဖြစ်သည်။ မြန်မာ့အားကစားနှင့် မြန်မာပြည်သူတို့၏ နှလုံးသားဆုံချက်ကောင်းသော တစ်ခေတ်တစ်ခါဟု တင်စားချင်သည်။ ထိုခေတ်ကို ကမ္ပည်းမှတ်တိုင်ယူ၍ မြန်မာ့အားကစား ကဏ္ဍမြှင့်တင်ရေးကို ခေတ်နှင့်လျော်ညီစွာ မြှင့်တင်ဆောင်ရွက်သင့်ကြောင်း တာဝန်ရှိသူများသို့ အကြံပြုလိုသည်။
အားကစားသည် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရုံသာမက လူသားတိုင်း၏ နှလုံးသားများကို လှုပ်နှိုးနိုင်သည်။ နှလုံးသား အသီးသီးတွင် ကိန်းအောင်းနေသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကို နိုးကြားစေသည်။ အကြိတ်အနယ်ရှိသော အားကစားပွဲများဆီက လက်ခုပ်အားပေးသံများက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို ပိုမိုပိုင်ဆိုင်စေသည်။ လူငယ်တိုင်း အားကစားအပေါ် စိတ်ဝင်စားမှုမြင့်တက်ခြင်းသည် နိုင်ငံအပေါ်ကျရောက်လာမည့် အကြမ်းဖက်လုပ်ရပ်များကို ချေဖျက်နိုင်စွမ်းရှိသည်။ ပြည်သူလူထု၏ အားကစားပွဲများအပေါ် စိတ်ဝင်စားမှုမြင့်တက်လာခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဟူသော ဆုံမှတ်တစ်ခုတွင်တွေ့ဆုံပြီး နိုင်ငံတွင်း စည်းလုံးညီညွတ်စေမှု Power တစ်ခုကို ရရှိစေနိုင်သည်။ ဤသည်ကား အစိုးရတစ်ရပ်၏ စွမ်းဆောင်နိုင်ရည်ဖြစ်ပြီး နိုင်ငံအပေါ်ထားရှိသည့် အစိုးရတစ်ရပ်၏ စိတ်ရင်းစေတနာဖြစ်ကြောင်းလည်း ရှုမြင်တတ်ရပေမည်။
အားကစားလုပ်ဆောင်ခြင်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို ကြံ့ခိုင်သန်စွမ်းစေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်ဖွံ့ဖြိုးစေသည်။ အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်သောကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်ကို တိုက်ရိုက်သက်ရောက် ဖွံ့ဖြိုးတိုးတက်စေသည့် အဓိကအကြောင်းရင်းခံ တစ်ရပ်လည်းဖြစ်သည်။
အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ်များကိုလည်း နိုးကြားတက်ကြွလာစေမည်။ ဤအချက်များမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် အားကစားကဏ္ဍ မိန့်ခွန်းများမှ ထုတ်နုတ်တင်ပြခြင်းသာဖြစ်သည်။
အားကစားမောင်မယ်တိုင်းသည် ပြည်သူတွေတီးသော လက်ခုပ်သံဖြင့် ပြိုင်ပွဲများတွင် အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်ရင်း နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ အခွင့်အရေးသည် သူတို့၏ ရည်မှန်းချက်သာဖြစ်သည်။ အားကစားကဏ္ဍ မြှင့်တင်ခြင်းမှသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့်နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်မြင့်မားပြီး နိုးကြားတက်ကြွသည့် လူသားအရင်းအမြစ်များဖြင့် စည်းလုံးညီညွတ်စေသော နိုင်ငံတော် ပေါ်ထွန်းရေးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ ထို့ကြောင့် ရည်မှန်းချက် အသွယ်သွယ်တို့ ဆုံစည်းစေသော မကြာမီကျင်းပတော့မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို တိုင်းရင်းသားပြည်သူများ၏ လက်ခုပ်သံများဖြင့် ဝိုင်းဝန်းကြိုဆိုကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါတော့သည်။ ။