ကျန်းမာရေးအတွက် ဟင်းနုနုယ်ရွက်

ကျန်းမာရေးအတွက် ဟင်းနုနုယ်ရွက်

ဟင်းနုနယ်က ဆောင်းဦးကာလကနေ နွေလယ်အထိ ပေါပေါများများရရှိနိုင်တဲ့ ရာသီစာ ဟင်းသီးဟင်းရွက် တစ်မျိုး ဖြစ်ပါတယ်။  ဟင်းနုနယ်မျိုးရင်း လေးခုကို  အရှေ့အာရှဒေသတွေမှာ ဟင်းသီးဟင်း ရွက်အဖြစ်  စိုက်ပျိုးကြပါတယ်။    ကမ္ဘာအနှံ့မှာ ဟင်းနုနယ်မျိုးစိတ်ပေါင်း ၆၀ ခန့်ရှိပါတယ်။ တချို့မျိုးစိတ်တွေက ပန်းပွင့်ချိန်မှာ ပန်းခိုင်များမှာ  အလွန်လှပကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ပန်းပွင့်အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်ရှိတဲ့ ဟင်းနုနယ်မျိုးတွေကို တွေ့ရပါတယ်။

ဟင်းနုနယ်ဆူးပေါက်

ယာမြေတွေမှာ ထယ်ရေးမညက်ရင် စိုက်ခင်းတွေထဲမှာ ပေါင်းပင်မျိုးစုံတွေ့ရတတ်ပြီး အဲဒီပေါင်းပင်တွေကြားမှာ ဆူးတွေနဲ့ဟင်းနုနယ်ပင်တစ်မျိုးက နှိမ်နင်းဖို့အလွန်ခက်ပါတယ်။ ဒေသအခေါ် ဟင်းနုနယ်ဆူးပေါက်ဖြစ်ပါတယ်။ အမြစ်တွေ တုတ်ခိုင်သန်စွမ်းပြီး   မြေကြီးကို   ကုပ်တွယ်အားကောင်းတာကြောင့် ပေါင်းနုတ်ရာမှာ  အလွန်လက်ဝင်ပါတယ်။ ဟင်းနုနယ်ဆူးတွေက  စူးမိရင်   အလွန်နာကျင်ပါ တယ်။  ရှေးတိုင်းရင်းဆေး ဆရာကြီးတွေက  ဟင်းနုနယ်ဆူးပေါက်ကို   ခွန်အားတိုးဆေးဖော်စပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

ဟင်းနုနယ်ရွက်နှင့် အစားအစာ

ကျောက်စိမ်းရင့်ရောင် အရွက်ဖားဖား ဟင်းနုနယ်ရဲ့ အရသာက အနည်းငယ်ခါးသက်ပြီး အငန်ဓာတ်လည်း   အနည်းငယ်ရှိပါတယ်။   အရွက်သာမက အရိုးကိုလည်း စားသုံးနိုင်ပါတယ်။ အရိုးရဲ့အရသာက အရွက်ထက်ပိုပြီး  နူးညံ့ပါတယ်။  ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဟင်းနုနယ်ကို ဟင်းသီးဟင်း ရွက်အဖြစ် စားသုံးလေ့ ရှိကြပါတယ်။

ဂွာတီမာလာ၊   ပီရူးနှင့်    မက္ကဆီကိုနိုင်ငံတို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဟင်းနုနယ်ကို အများအပြား စိုက်ပျိုးလာခဲ့ကြပါတယ်။ အိန္ဒိယ၊ တရုတ်၊ နီပေါနဲ့ တခြားအပူပိုင်းဒေသတွေမှာလည်း စိုက်ပျိုးကြပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ဟင်းနုနယ်ကို   ဟင်းခတ်အမွှေးအကြိုင်၊  ငရုတ်သီးတို့နဲ့ ကြော်စားကြပါတယ်။ တရုတ်နိုင်ငံမှာ ဟင်းနုနယ်ကို မွှေကြော် ဒါမှမဟုတ်  စွပ်ပြုတ်ချက်စားလေ့ရှိ ပါတယ်။  မြန်မာနိုင်ငံမှာတော့  များသောအားဖြင့် ဟင်းနုနယ်ကို ကြော်စားလေ့ရှိကြပါတယ်။ ဒါ့ပြင် ဟင်းချိုအဖြစ်လည်းကောင်း၊ ပုစွန်ခြောက်နဲ့ ကြော်ချက်အဖြစ်လည်းကောင်း စားသုံးကြပါတယ်။  ဟင်းနုနယ်ရွက်သုပ်ကလည်း အလွန်ထမင်းမြိန်ပါတယ်။ 

ဟင်းနုနယ် အစေ့အသုံးဝင်ပုံ

ဟင်းနုနယ်ပင်  ပန်းပွင့်ချိန်မှာ  အနှံကဲ့သို့သော ပန်းခိုင်အတွင်းမှာ အပွင့်ငယ်တွေ ပြွတ်သိပ်ပွင့်ကြပြီး အဲဒီပန်းခိုင် အတွင်းမှာ     အစေ့ပေါင်းများစွာပါဝင် ပါတယ်။  ဟင်းနုနယ်ရဲ့အစေ့ကို  ကောက်နှံကဲ့သို့ စားသုံးနိုင်ပါတယ်။     ဟင်းနုနယ်စေ့ရဲ့အရသာက အခွံမာအစေ့အဆန်တွေလိုပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ တချို့မှာ ဟင်းနုနယ်စေ့ကို ဆန်၊ ဂျုံတို့ကဲ့သို့ စားသုံးဖို့   စိုက်ပျိုးကြပါတယ်။  မက္ကဆီကိုနိုင်ငံမှာလည်း ပွဲတော်ရက်တွေဆိုရင်  မုန့်လုပ်ဖို့  ဟင်းနုနယ်စေ့ကို စားသုံးသီးနှံအဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ မက္ကဆီကန်လူမျိုးတွေက ဟင်းနုနယ်စေ့ကို ပေါက်ပေါက် ဖောက်ပြီး ပျားရည်နဲ့နယ်ပြီး မုန့်လုပ်ကြပါတယ်။

ဟင်းနုနယ်က  ကောက်နှံပင်နဲ့    မျိုးရင်းမတူ ပေမယ့်  အာဟာရတန်ဖိုးပါဝင်မှုက  ကောက်နှံပင် အစေ့တွေနဲ့   ဆင်တူပါတယ်။   ဟင်းနုနယ်စေ့မှာ ကောက်နှံပင်အစေ့တချို့ထက် ပရိုတင်းဓာတ်ပိုမို ပါဝင်နေပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေလည်း   ကြွယ်ဝစွာပါဝင်ပါတယ်။  ဟင်းနုနယ်စေ့မှာပါတဲ့ ကယ်လ်စီယမ်ဓာတ်က နွားနို့ မှာပါတဲ့ပမာဏထက် နှစ်ဆပိုပါတယ်။

ဟင်းနုနယ်နှင့် ကျန်းမာရေး

လူသားတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုစေတဲ့    အစိမ်းရောင်ဟင်းသီးဟင်းရွက် အမြောက်အမြားကို  သဘာဝတရားကြီးက  ဖန်တီးပေးထားပါတယ်။ အဲဒီထဲမှာ ဟင်းနုနယ်ရဲ့ အာဟာရဖြစ်စေနိုင်မှုက ပိုများပါတယ်။ အမဲသား၊ ဝက်သားစတဲ့ အနီရောင်အသားတွေနဲ့နှိုင်းယှဉ်ရင် ဟင်းနုနယ်ထဲမှာ ကယ်လိုရီနဲ့ သံဓာတ်ပါဝင်မှုပမာဏ ပိုမိုများပြားတဲ့အပြင် အဆီနဲ့  ကိုလက်စထရောပါဝင်မှု  အလွန်နည်းပါးတာကြောင့်    အနီရောင်အသားတွေထက် ဟင်းနုနယ်က ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။

ဟင်းနုနယ်ထဲမှာ  ပိုတက်စီယမ်၊  မဂ္ဂနိစ်၊   ဇင့်၊ မဂ္ဂနီစီယမ်၊   သံဓာတ်၊  ကယ်လ်စီယမ်၊   ဖောလိပ်၊ နီအာစင်း၊ ဗီတာမင် A၊ ဗီတာမင် B-12၊ ဗီတာမင် B-6၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ သီအာမင်၊ ရီဗိုဖလာဗင်၊ ပရိုတိန်း၊ မီးစုန်း၊ ကျေပျက်လွယ်တဲ့ အမျှင်ဓာတ်၊ ကော့ပါး၊ စီလီနီယမ်၊ Omega-3 Fatty acid စတဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။ ဘီတာကယ်ရိုတင်း၊ လူတိန်းနှင့် ကလိုရိုဖလင်းတို့ လည်း ကြွယ်ဝစွာပါရှိပါတယ်။

- ဟင်းနုနယ်ထဲမှာပါတဲ့ ဖလေဗိုနွိုက်ဓာတ်ပေါင်းစုက  အစာအိမ်ကင်ဆာ၊  အရေပြားကင်ဆာ၊ အူကင်ဆာ၊ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊  အဆုတ်ကင်ဆာ စတဲ့ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ ဟင်းနုနယ်ကိုစားသုံးတဲ့ အမျိုးသမီးအများစုက  လုံးဝမစားတဲ့ အမျိုးသမီးတွေထက် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။

- ဟင်းနုနယ်က အစာချေဖျက်မှုကို ကောင်းမွန် စေပြီး  ၀မ်းချုပ်ခြင်းမှ   ကာကွယ်ပေးနိုင်ပါတယ်။   အစာအိမ်ရောဂါကိုလည်း    သက်သာ ပျောက်ကင်းစေပါတယ်။

- ဟင်းနုနယ်က သွေးထဲမှာရှိတဲ့ သကြားပမာဏ ကို ကျဆင်းအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။

- ဟင်းနုနယ်က   ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

-သွေးလွှတ်ကြောများအတွင်း အဆီပိတ်ဆို့ခြင်းကို   ကာကွယ်ပေးတဲ့အပြင်   သွေးလည်ပတ်စီးဆင်းမှုကိုလည်း     ကောင်းမွန်စေပါတယ်။

သွေးတိုးရောဂါရှိသူတွေအနေနဲ့ အထူးစားသုံး သင့်ပါတယ်။

- မျက်စိအတွင်းတိမ်ဖြစ်ခြင်း၊   ပြည်တည်ခြင်း၊ မျက်ကြည်လွှာနဲ့ပတ်သက်တဲ့ ဝေဒနာအမျိုးမျိုး၊ မျက်လုံးယားယံခြင်းနှင့်    မျက်စိခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် ဟင်းနုနယ်ကို   သံလွင်ဆီအနည်းငယ်နဲ့ ကြော် စားရင် အာနိသင်ပိုစွမ်းပါတယ်။

- ဟင်းနုနယ်က  ကိုယ်ခံစွမ်းအားကို  တိုးတက် မြင့်မားစေပါတယ်။

- ဟင်းနုနယ်ထဲမှာ ဗီတာမင် A အလုံအလောက်ပါရှိလို့  အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေး ပါတယ်။ ဒါ့ပြင် အသားအရေ နေလောင်ခြင်း၊ အနီကွက်ထခြင်း၊ ဝက်ခြံနဲ့ မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေပါတယ်။

- ဦးနှောက်နှင့်     အာရုံကြောအဖွဲ့အစည်းကို တိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါကိုလည်း    သက်သာစေပါတယ်။ အမေရိကန်ပြည်ထောင်စု    ချီကာဂိုရှိ   ဆေးသုတေသနပြုချက်အရ လူတစ်ဦးက ဟင်းနုနယ် ရွက်သုံးရွက်ကို   နေ့စဉ်မှန်မှန်စားသုံးပေးခြင်းဖြင့်  စိတ်ကျဝေဒနာကို  ၄၀   ရာခိုင်နှုန်းခန့် သက်သာစေတဲ့အပြင် ဦးနှောက်အလုပ်လုပ်နိုင် စွမ်းရည်တွေလည်း နောက်ထပ်ငါးနှစ်လောက် နုပျိုသွားကြောင်း အဆိုရှိပါတယ်။

- ဟင်းနုနယ်မှာ ဗီတာမင် K ကြွယ်ဝစွာပါရှိလို့ အရိုးပွခြင်းမှ    အထူးကာကွယ်ပေးပါတယ်။ ဟင်းနုနယ်ကို   မှန်မှန်စားပေးရင်  အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။

- ကိုယ်ဝန်ဆောင်မိခင်တွေ ဟင်းနုနယ်ကို  မှန်မှန် စားပေးခြင်းဖြင့် သန္ဓေသားရဲ့ DNA နဲ့ အာရုံ ကြောအဖွဲ့အစည်းတွေကို တိုးတက်ကောင်းမွန် စေတဲ့အပြင် ရင်သွေးငယ်တွေမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ခြင်းကနေ    ကာကွယ်ပေးပါ တယ်။   ဒါ့ပြင်   သားပျက်သားလျှောခြင်းမှ ကာကွယ်ပေးပါတယ်။

- ဟင်းနုနယ်က     သံဓာတ်ကြွယ်ဝစွာပါရှိတာကြောင့်  သွေးအားကောင်းစေပါတယ်။  ခန္ဓာ ကိုယ်၏ PH ပမာဏကို  ပုံမှန်ဖြစ်စေရုံသာမက ကိုလက်စထရောကို ကျစေပါတယ်။

- နို့ထွက်အားကောင်းစေတဲ့အတွက် နို့တိုက်မိခင် တွေ ဟင်းနုနယ်ကို စားသုံးသင့်ပါတယ်။

- မကြာခဏ  သွားဖုံးသွေးယိုစီးတတ်တဲ့သူတွေ အနေနဲ့ ဟင်းနုနယ်သတ္တုရည်ကို မုန်လာဥနီနဲ့ ရောစပ်ကာ ဖျော်ရည်အဖြစ်သောက်သုံးပေးခြင်း ဖြင့် သက်သာပျောက်ကင်းစေပါတယ်။

- ဟင်းနုနယ်ထဲမှာ   ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ  ကြွယ်ဝစွာပါရှိလို့ နှလုံးသွေးလွှတ်ကြောများပိတ်ဆို့ခြင်း၊  ချိုးကပ်ခြင်းများကို သက်သာ ပျောက်ကင်းစေတဲ့အပြင် နှလုံးကြွက်သားများ ညှစ်အားကောင်းစေတာကြောင့်  နှလုံးရောဂါ ရှိသူတွေအတွက်    အထူးသင့်လျော်ပါတယ်။ လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

ဟင်းနုနယ်ထဲမှာ    oxalates    ဓာတ်ပါရှိတာ ကြောင့်  ကျောက်ကပ်၊  သိုင်းရွိုက်နဲ့  ဂေါက်ရောဂါ သည်တွေ အလွန်အကျွံမစားသင့်ပါဘူး။

အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့အစားအသောက်နှင့် ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHFoods က  ဟင်းနုနယ်က  လူသားတွေကို အလွန်အာဟာရ ဖြစ်စေကြောင်း  ထောက်ခံထားပါတယ်။   ဒါကြောင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်တဲ့ဘဝတစ်ခုကို ဖန်တီးပေးတဲ့ သဘာဝအရင်းအမြစ်တို့စုဝေးရာ ဟင်းနုနယ်ကို ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ် စားသုံး နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါတယ်။

ပေါက်ပေါက်