မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

"သူတို့ ဘာလုပ်ကြတာလဲဗျာ"

"ဒီလိုဟ ဒီနားကကမ်းခြေဘက်မှာ မကရဇိုင်းကျွန်းဆိုတာရှိတယ်။  ဒီကျွန်းသားတွေက နာမည်ဆိုးရှိတယ်"ဒါကြောင့်     ဒီလူတွေ    ဒီနားမှာ မော်တော်သောင်တင်သွားတော့  သူတို့ကြောက်ကြတာလေ။ ဒါကြောင့် ငွေထုပ်ကြီးတွေ ဖွက်ကြတာဟ"

"ဪ ... ဒါကြောင့်ကိုး"

ခုမှ ဒီလူတွေ စပါးပုံယက်နေကြသည့် အကြောင်းရင်းကို    ကျွန်တော် သဘောပေါက်မိပါတော့သည်။  သူတို့မှာလည်း  သူတို့အတွေးနဲ့  သူတို့ဒုက္ခ။ ကျွန်တော့်မှာလည်း  ကျွန်တော့်ဘဝနဲ့  ကျွန်တော့်ဒုက္ခ။   ကျွန်တော့်မှာ   ကံကို ယိုးမယ်ဖွဲ့ပြီး     စက်လှေရေပေါ်ချိန်ကို စောင့်နေရုံမှအပ    တခြားမရှိတော့ပြီ။ ဒီရေတို့၏သဘောမှာ နာရီလက်တံလိုပဲ  မနားမနေ အလုပ်လုပ်နေလေ့ရှိသည်။ ခုလည်းကြည့်။ ဒီရေအကျ ကုန်သည်ဟုဆိုလျှင်ပဲ    တက်ရေကလိုက်လာပြီ။ သိပ်တောင်မကြာ  လှေဝမ်းဗိုက်အောက်သို့  ပင်လယ်ဒီရေတွေ   ပြေးဝင်လာကြပေပြီ။ ကျွန်တော် အချိန်ကိုမှန်းကြည့်လိုက်၏။ သန်းခေါင်ကျော်လောက်တော့ ရှိပေရော့မည်။ ကမ်းတက်လှိုင်းလုံးတွေတောင် လှေနံဘေးကို လာရိုက်နေကြပေပြီ။ လှေနံတစ်ဝက်ခန့် ရေပြည့်တက်လာချိန်တွင် အရှေ့ဆီက မိုးသောက်ကြယ်ကြီး လင်းလက်တောက်ပနေချေပြီ။

"ဒီရေ ရေမြန်မြန်ပြည့်လိုက်ပါတော့"

ကျွန်တော်   စာမေးပွဲဖြေရမည့်နေ့သို့ ရောက်နေခဲ့လေပြီ။  နာရီပိုင်းပဲလိုတော့သည်။      စာမေးပွဲဖြေမည့် ကျွန်တော်ပင်လယ်ပြင်   သောင်တင်လှေကြီးထဲမှာ မလူးသာ မလွန့်သာ။ ဟော ရောင်နီကြီးသန်းလာပြီ။      နေဝန်းနီကြီးကလည်း ထက်ကြပ်မကွာလိုက်ပါလာသည်။ ဟော လှေကြီးကတော့ လှုပ်လီလှုပ်လဲ့ဖြစ်လာပြီ။

"ပေါ်တော့မယ် ပေါ်တော့မယ်"

လှေသားတစ်ဦးထံမှ     အင်ပြည့်အားပြည့်စကားသံထွက်သွား၏။

"ကလင်"

"ဝူး ဝူး ဝူး ဝူး"

စက်နှိုးရန်    အချက်ပေးသံနှင့်အတူ စက်သံကြီးက ခပ်ကျယ်ကျယ်မြည်ဟည်းသွားသည်။

"ပေါ်ပြီ ပေါ်ပြီ ပေါ်ပြီ"

"ကလင် ကလင်"

မော်တော်သား၏   ခွန်အားပါသောစကားသံနှင့်အတူ    စက်ကိုအားတင်ရန်  အချက်ပေးသံကပါ   ထက်ကြပ်မကွာထွက်ပေါ်သွားသည်။ စက်သံလည်း ပိုမိုမြင့်တက်သွားသည်။

"ကလင် ကလင် ကလင်"

ပုံမှန်အတိုင်း မောင်းတော့တဲ့။ စက်လှေကြီးကား ရေလွှာကိုထိုးဖောက်ပြီး မြစ်ရေပြင်ထဲ ပြေးနေပေပြီ။ ကျောက်ဖြူမြို့သို့ မြန်မြန်ရောက်ပါစေဟု ကျိတ်ပြီး ဆုတောင်းလိုက်မိသည်။     စက်လှေဘုရားခန်းအနီးတွင်  ချိတ်ဆွဲထားသော နာရီကို လှည့်ကြည့်လိုက်၏။   ၅ နာရီခွဲတိတိရှိပြီဖြစ်ကြောင်း လက်တံတို၊ လက်တံရှည်နှစ်ချောင်းက ပူးတွဲညွှန်ပြနေကြ၏။     

ကျွန်တော့်ရင်ဘတ်ကြီး    ပွင့်ထွက်သွားမတတ်  ရင်ခုန်သံကြီး    မြည်ဟည်းသွားသည်။ စာမေးပွဲဖြေရန် သုံးနာရီခွဲပဲလိုတော့သည်။   ကျွန်တော်ကတော့    မြစ်ပြင်ကျယ်ကြီးထဲမှာ။

"ရေလမ်းခရီးစဉ်ဆိုတာ ပြောလို့မရဘူး။ သဘာဝအန္တရာယ်က အချိန်အခါမရွေး ဒုက္ခပေးနိုင်တယ်"

ကျွန်တော်    ပိုက်လိုက်ဖို့ပြောသည့်အချိန်  အဖေကြီး၏ နှုတ်ပြောစကားသံက ကျွန်တော့်နားထဲ လှိမ့်ဝင်လာသည်။

"စက်ဆိုတာကရော အားကိုးရလို့လား၊ မတော်လို့ တစ်ခုခုချို့ယွင်းသွားမှဖြင့်"ကျွန်တော့်ရင်ထဲမှာ   ပူလောင်သောအတွေးများ  ချာချာလည်နေ၏။ စက်လှေကြီးကတော့ ဟင်္သာမြစ်ပြင်ကျယ်ကို ဖြတ်သည်။ ကြက်တောပြင်ရေလက်ကြားသို့ဝင်သည်။ ဟော ခုဆို သံစစ်မြစ်ရေပြင်ထဲဖြတ်ကူးလို့ ကျောက်ဖြူမြို့ကို လှမ်းမြင်နေရပေပြီ။  ပေါင်းနက်ကြီးမီးပြတိုက်နှင့် တံခါးရိုးတောင် ရေလက်ကြားမှထွက်ပြီး ကျောက်ဖြူမြစ်(သံစစ်မြစ်)ကို တစ်နာရီနီးနီးလောက်      ဖြတ်မောင်းလိုက်လျှင် ရောက်တော့မည်။ ကျွန်တော့်မှာ   ပိုပြီး ရင်ခုန်လာ၏။ ပဲ့ကိုင်မှာ လှိုင်းတွေ အရမ်းဒုက္ခမပေးနိုင်အောင်၊ ပိုက်တန်းတွေနဲ့ မငြိအောင်  စက်လှေကို ကွေ့ပတ်ရှောင်လွှဲပြီးမောင်း၏။

ဟော  ကျောက်ဖြူမြို့ဆိုတာကြီးကို ရောက်ပါပြီခင်ဗျာ။ ကျွန်တော် စက်လှေပေါ်မှ    ချက်ချင်း ခုန်ဆင်းလိုက်သည်။ ရေပြည့်ချိန်မို့     ကမ်းတက်ရသည်မှာ သိပ်အခက်အခဲမရှိ။    ဆိုက်ကားတစ်စီးကို အမြန်ခေါ်ပြီး ရွှေနံ့သာစာသင်တိုက်သို့ ပို့ခိုင်းလိုက်၏။ ကျောင်းထိုင်ဆရာတော်မှာ ငပသုန်ရွာဇာတိ ဘဒ္ဒန္တနန္ဒမာလာဖြစ်သည်။ အမေ့အသုဘကို ခြေကျင်ကြွပြီး သရဏဂုံတင်ပေးသော   ဆရာတော်ဖြစ်သည်။    ကျောင်းတိုက်သို့အရောက်တွင် တိုင်ကပ်နာရီကြီးကို   လှမ်းကြည့်လိုက်သည်။

"ဟိုက်"

အချိန်က နံနက် ၈ နာရီခွဲတိတိရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေ၏။ ကျွန်တော့်မှာ ဆရာတော်ကို ပေါက်တူးပေါက် သုံးကြိမ်ရှိခိုးပြီး  ကျောင်းပေါ်မှ   ပြန်ပြေးဆင်းလိုက်၏။ ဆရာတော်ကိုတောင် အကျိုးအကြောင်းတစ်စုံတစ်ရာ မလျှောက်ဖြစ်ခဲ့။ အဝတ်အစားလည်းမလဲဖြစ်၊ ဆံပင်လည်း    မဖြီးမသင်ဘဲ   ဖွာလန်ကြဲလို့။ ဆိပ်ကမ်းမှခေါ်ယူလာခဲ့သော ဆိုက်ကားကို မပြန်ဖို့ တားထားခဲ့မိသည့်အတွက် အဆင်ပြေသွားသည်။ စာဖြေဌာနတည်ရှိရာ    အ.ထ.က(၁)သို့  ပို့ခိုင်းလိုက်၏။ ဆိုက်ကားဆရာလည်း တရကြမ်းနင်း၏။

"ကလင် ကလင် ကလင် ကလင်"

ကျွန်တော်    ကျောင်းဝင်းအတွင်းသို့ အရောက်တွင်      စာဖြေကျောင်းသား၊ ကျောင်းသူများ စာဖြေခန်းထဲသို့ ဝင်နိုင်ရန်အတွက် ပထမအကြိမ်ခေါင်းလောင်းထိုးသံက အဆက်မပြတ်ထွက်ပေါ်နေချေလေ ပြီ။  ကျွန်တော် ဆိုက်ကားခရှင်းပေးပြီး ခပ်သွက်သွက်  ပြေးဝင်သွားလိုက်သည်။ ကျွန်တော်    စာဖြေခန်းပြဇယားများ ကပ်ထားသောသင်ပုန်းကြီးကို   အလျင် စလို သွားကြည့်လိုက်၏။ မိမိ၏ခုံနံပါတ် ကို ဟောခန်းမကြီး၏  အလယ်လောက် တွင်     တွေ့လိုက်သည်။   ချက်ချင်းပင် ပြေးဝင်ရှာဖွေလိုက်သည်။ အခက်အခဲသိပ် မရှိ။ အခန်းအလယ်မှာ အလွယ်တကူပဲ တွေ့သဖြင့်  ဖျတ်ခနဲဝင်ထိုင်လိုက်၏။  ခုံပေါ်တွင်  အဆင်သင့်တွေ့သော  အဖြေ လွှာစာရွက်များကို  ဘေးမျဉ်းများ သား လိုက်သည်။  မကြာပါဘူး၊   အခန်းစောင့်ဆရာမတွေ ပင်ရင်းမြန်မာစာမေးခွန်းတွေ လိုက်ဝေနေပေပြီ။ မိမိရှေ့သို့ရောက်လာသော မေးခွန်းကို ကျွန်တော်ကောက်ယူကာ ဖတ်ကြည့်လိုက်၏။ ကျွန်တော် အရမ်းပျော်သွား၏။ မေးခွန်းတွေအကုန်ကျက်ပြီး၊ လေ့လာပြီးသားဖြစ်သည်။ ကျွန်တော် နံပါတ်တစ်ခုချင်းအလိုက်   မှတ်သားပြီး စိတ်ရှိလက်ရှိဖြေတော့သည်။

စာဖြေချိန် တစ်နာရီခန့်လောက်တော့ ကြာလိမ့်မည်ထင်ပါသည်။ အခန်းစောင့်ဆရာမလေးတစ်ယောက်    ကျွန်တော့်အနီးသို့ ရောက်လာ၏။ မိမိ၏ဖြေဆိုမှုကို သံသယဖြစ်နေပြီလားဟု       ကျွန်တော် စိုးရိမ်စိတ်ဝင် သွားသည်။ ကျွန်တော့်မှာ ကိုယ့်အဖြစ်ကို   ပြန်လည်သုံးသပ်ကြည့်လိုက်၏။ အဝတ်အစားတွေက  ဖရိုဖရဲ၊ ဆံပင်အုပ်ကြီးက ဖွာလန်ကြဲလို့။  ကိုယ်ခန္ဓာကလည်း  မသုတ်မသင်၊ မပြင်မဆင် ချွေးတပြိုက်ပြိုက်နဲ့။ ခန္ဓာကိုယ်မှ ချဉ်ချဉ်စူးစူး အနံ့အသက်တွေက ဘယ်လောက်များ  နံစော်နေလေမလဲ။  ကျွန်တော့်မှာ ကိုယ့်အဖြစ်ကိုတွေးမိပြီး   ရှက်သလိုလို ဖြစ်သွားမိသည်။

ဆက်လက်ဖော်ပြပါမည်။