ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်

 

ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်

(၄-၁၁-၂၀၂၄ ရက်နေ့မှအဆက်)

အသည် သရဖြစ်သော်လည်း မြန်မာဘာသာ ဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် နောက်ဆုံးဗျည်းအက္ခရာအဖြစ် သတ်မှတ်ခဲ့ကြ သည်။ အ၏အနက်လည်း ပေါင်းစည်းခြင်း ပင်ဖြစ်သည်။ အ၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် နာမဝိသေသနအဖြစ်နှင့် ပစ္စည်း အဖြစ်ဖွင့်ပြထားပါသည်။ အ၊ နဝိ- ၁၊ စကားပြောနိုင်စွမ်းမရှိသော။ ၂၊ အသံမပီသသော။ ဒင်္ဂါး အ သည်။ ၃၊ ရိုးလွန်းသော။ ၄၊ (အပင် စသည်) ဖွံ့ဖြိုးမှုရပ်တန့်သော။       ၅၊ အရောင်းအဝယ်ထိုင်းသော။ ၆၊ (ပုံအသွင်) ခေတ်မီဆန်းသစ်ခြင်းမရှိသောဟူ၍ လည်းကောင်း။

စည်း-၁၊ ကြိယာကိုဖြစ်စေ၊ နာမဝိသေသနကိုဖြစ်စေ နာမ်ပုဒ် ဖြစ်အောင်၊ ကြိယာဝိသေသနပုဒ်ဖြစ်အောင် တွဲဆက်ပေးသောစကား လုံး။ အက။ အကြံအစည်။ အညီအညွတ်။ အလှအပ ၂၊ နာမ်အချို့၏ ရှေ့တွင်တွဲစပ်သော စကားလုံး။   အသံ။ အခန့်။ အသက် ဟူ၍ လည်းကောင်း တွေ့ရပါသည်။

စကားပြောနိုင်စွမ်းမရှိသည်ကို အသည်ဟုဆိုသည်။ အဘယ် ကြောင့် စကားပြောနိုင်စွမ်းမရှိသနည်း။ အဘယ်ကြောင့် အသနည်း။ အဖြေမှာ အသံမထွက်သောကြောင့်ဖြစ်သည်။ အသံဆိုသည်မှာ ရိုးရိုး အသံမဟုတ်၊ ဌာန်ကရိုဏ်း ပယတ်နှင့်အညီ ထွက်လာသော စကားသံ ကို ဆိုလိုသည်။ တစ်နည်းဆိုသော် အသံသည် စနစ်တကျထွက်ပေါ်မလာ နိုင်ဘဲအသံဖြစ်မည့်နေရာတွင်ပင်  ပေါင်းစည်းရုံးစုနေသောကြောင့် ဖြစ်သည်။

အသံသည် အသံထွက်ရမည့်နေရာတွင် ပေါင်းစည်းရုံးစုနေသောအခါ အသံဖြစ်အင်္ဂါများမှ ဌာန်ကရိုဏ်း ပယတ်ကျကျဖြင့် ထွက်မလာသောကြောင့် အသည်ဟုဆိုသည်။  အသံထွက်လာသော်လည်း ပြောဆို သူ ပြောလိုသည့် အသံမထွက်ပေ။ ထိုအခါ ပြောဆိုသူ ပြောလိုသည့် အဓိပ္ပာယ်ပေါ်ထွက်မလာသဖြင့်  အသံမထွက်ဟုပင်  ဆိုရပါသည်။ အနှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထားဆရာတော်က ဝေါဟာ ရတ္ထပကာသနီကျမ်းတွင် ရှင်းပြထားသည်မှာ လေးစားမှတ်သားဖွယ် ဖြစ်ပေသည်။ ဆရာတော်က ဆွံ့အသည်ဟူရာ၌ အ၏အရကား ဆိတ်တိတ်၏။ စဲညံ့၏။ တိမ်းအောင်း၏ဟူသော အနက်သဘောတည်း။ ထို့ကြောင့် အ၏ ဟူလျှင် အသံမထွက်၊ ဆိတ်တိတ်သည်၊ စဲညံ့သည်၊ တိမ်းအောင်းသည်ပင်ဖြစ်၏။    အသံထွက်လျက်မပီကာမျှကို  အ၏ ဆိုရာ၌လည်း     လိုအပ်သောသဘောအနက်   တိတ်ဆိတ်၊ စဲညံ့၊ တိမ်းအောင်းသည်ပင်ဖြစ်၏။ လိုအပ်သော သဘောအနက် မိမိ၏ နှလုံး၌ရှိလျက်ပင် သူတစ်ပါး၏ နှလုံးသို့ ကူးရောက်အောင် မပီသသော် ထိုလိုအပ်သော   သဘောအနက်သည်    မိမိ၏နှလုံး၌သာတည်၍ သူတစ်ပါး၏ နား၊ နှလုံးသို့မရောက်သဖြင့် မိမိ၏စိတ်၌ ထိုသဘော အနက်တည်၍ တိတ်ဆိတ်၊ စဲညံ့၊ တိမ်းအောင်း လေသည်ဖြစ်၍ တိတ်ဆိတ်စဲညံ့တိမ်းအောင်း၏ ဟူသည်လည်း မရှိလျှင်းသည်ကိုမဆို၊ ရှိသောသဘောသည် ရှိမြဲတွင်သာ တိတ်လေဆိတ်လေသည်၊ စဲညံ့လေ သည်၊ တိမ်းပွေလေသည်၊ အောင်းလေသည်ဟု ဆိုလိုသည်ဟု ရှင်းပြ ခဲ့ပါသည်။

ဒင်္ဂါး အသည်ဆိုသည်မှာ ငွေဒင်္ဂါးသည်လိုအပ်သောအသံမထွက် ဘဲရှိသည်ကို ဆိုလိုသည်။    ငွေဒင်္ဂါးသွန်းလုပ်ရာတွင်    ငွေသားနှင့် အခြားသတ္တု အချိုးမျှတစွာရော၍ သွန်းလုပ်မှ ငွေဒင်္ဂါး၏ အသံသည် ပီပီသသ၊ လွင်လွင်သသမြည်မည်ဖြစ်သည်။  သို့ရာတွင် ငွေသားနှင့် အခြားသတ္တု အချိုးမျှတခြင်းမရှိပါက ထိုဒင်္ဂါးကို ကျောက်တုံး၊ သံတုံး စသည်၌ တီးခတ်သော် လိုအပ်သောအသံလွင်လွင် မထွက်ဘဲရှိတတ် သည်။ ယင်းသို့ ဖြစ်သည်ကို ဒင်္ဂါးအသည်ဟု ဆိုသည်။  အဆင့်အတန်း အရည်အသွေးမမီတော့သဖြင့် တန်ဖိုးမရှိပါပေ။

အ၏အဓိပ္ပာယ်တစ်ခုမှာ  ရိုးလွန်းသောဟူ၍ဖြစ်သည်။  ရိုး၏ အနက်မှာဖြောင့်ဖြစ်သည်။    ကလိမ်ကကျစ် မဟုတ်ဘဲ    ရိုးသည်၊ ရိုးဖြောင့်သည်၊ ရိုးသားသည်ဆိုသည်မှာ အလွန်ကောင်းပါသည်။ သို့ရာတွင် ရိုးလွန်းလျှင် အသွားတတ်သည်။ ထူသွား၊ ထုံသွား၊ ထိုင်းသွား၊ နသွားပေလိမ့်မည်။  ဤသည်မှာ   မပါးမနပ်၊ မသွက်မလက်သော သဘောဖြစ်သည်။ ထူ၊ ထုံ၊ ထိုင်း၊ န တို့၏အနက်သည် ပေါင်းစည်းခြင်း၊ ထုံးဖွဲ့ခြင်းအနက်ဖြစ်သည်။

အပင်စသည်  ဖွံ့ဖြိုးမှုနည်းသည်ကိုလည်း     အသည်ဟုပင် ဆိုသည်။ နှမ်း၊ ပဲ၊ ပြောင်း စသည်တို့သည်  ခါတိုင်းနှစ်နှင့်မတူဘဲ အသီးအနှံမကောင်း၊  အထွက်နည်းသည်ကို   အသည်ဟုဆိုသည်။ အသီးအနှံမဖွံ့ဖြိုး မအောင်မြင်၊ အထွက်နည်းသည်ဆိုသည်မှာ ပြန့်ပွား စည်ကားခြင်းမရှိ ကြုံလှီလျော့ပါးခြင်းကြောင့်ဖြစ်သည်။ ဆုတ်ယုတ် နည်းပါးခြင်းဖြစ်သည်။ မဖွံ့ထွားမပြန့်ပွားသဖြင့် ဖျင်းသိမ်ဆုတ်ယုတ် သည်ကို အသည်ဆိုခြင်းဖြစ်ရာ ဖျင်းသိမ်ဆုတ်ယုတ် လျော့ပါးခြင်းသည် ကျစ်လျစ်ပေါင်းစည်းခြင်းပင်ဖြစ်သည်။       အသီးအနှံအသည်ကို ယောဒေသတွင် ဆွံ့သည်ဟု ပြောကြသည်။

အရောင်းအဝယ်ထိုင်းသည်ကိုလည်း     အသည်ဟုဆိုသည်။ အရောင်းအဝယ်ကိစ္စသည် ရောင်းသူဝယ်သူ ရောင်းဝယ်ဖောက်ကား များပြားစည်ပင်နေရမည်ဖြစ်သည်။ သွက်လက်လှုပ်ရှား စည်ကား လျက်ရှိရသည်။ သို့ဖြစ်လျက် အရောင်းအဝယ် မသွက်လက်သည်ကို ထိုင်းသည်ဟုဆိုသည်။  ထိုင်းသည် ထူ၊ ထုံ၊ န၊ လေး၊ ဖင့်၊ နှေးသည် ဖြစ်၍  အနှင့်အနက်ရင်းတူသောကြောင့်   ထိုင်းသည်ဟုမပြောဘဲ အသည်ဟု စကားပရိယာယ် ဖလှယ်သုံးခြင်းဖြစ်သည်။

ပုံအသွင် ခေတ်မီဆန်းသစ်မှု  မရှိသည်ကိုလည်း   အသည်ဟု ဆိုသည်။ ခေတ်မီ၏ ဆန့်ကျင်ဘက်သည် ခေတ်နောက်ကျဖြစ်သည်။ ဆန်းသစ်၏  ဆန့်ကျင်ဘက်သည်   ရိုးစင်းဖြစ်သည်။    ထို့ကြောင့် အမြင်အားဖြင့်   ခေတ်နောက်ကျပြီး   အသွင်အပြင်ရိုးစင်းသည်ကို အသွင်အဆင် အသည်ဟု ဆိုသည်။ ထူ၊ ထုံ၊ ထိုင်းသော သဘောပင် ဖြစ်သည်။ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ဖျတ်ဖျတ်လတ်လတ် မရှိ၊ ပေါ်ပေါ်လွင်လွင် မရှိသဖြင့် အသည်ဟု ဆိုရသည်။

ဤသို့လျှင် အ၏ အနက်သည် တိမ်မြုပ်၊ တိမ်းအောင်း၊ ငုပ်လျှိုး၊ ရုံးစည်းသည့်သဘောသဘာဝရှိသောကြောင့် ပေါင်းစည်းခြင်း အနက် ပင်ဖြစ်ကြောင်း သိရပါသည်။

မြန်မာအဘိဓာန်တွင် အကို ပစ္စည်းအဖြစ်လည်း အသုံးပြုထားပါ သည်။ နာမ်ပြုရှေ့ဆက်ပစ္စည်းဟု ဆိုရပါမည်။   ကြိယာကိုဖြစ်စေ၊ နာမဝိသေသနကိုဖြစ်စေ၊ နာမ်ပုဒ်ဖြစ်အောင် ထိုကြိယာ သို့မဟုတ် နာမဝိသေသန၏ရှေ့၌ ဆက်ရသော ပစ္စည်းဖြစ်သည်။

သာဓက။       ။

အက၊ အဆို၊ အတီး၊ အပြော၊ အစား၊ အပြေး၊ အကအခုန်၊ အဆို အတီး၊ အတီးအမှုတ်၊ အပြောအဟော၊ အစားအသောက်၊ အပြေးအခုန် စသည်။ ယင်းတို့သည် က၊ ဆို၊ တီး၊ ပြော စသော ကြိယာတို့၏ ရှေ့တွင် အ ဆက်၍နာမ်ပုဒ်ပြုထားခြင်းဖြစ်သည်။

သာဓက။        ။

အအေး၊ အပူ၊ အနိမ့်၊ အမြင့်၊ အဆိုး၊ အကောင်း၊ အနီး၊ အဝေး၊ အလှ၊ အချော၊ အတို၊ အရှည်၊ အပူအအေး၊ အနိမ့်အမြင့်၊ အဆိုးအကောင်း၊ အနီးအဝေး၊ အချောအလှ၊ အတိုအရှည် စသည်။ ယင်းတို့သည် နာမ ဝိသေသနတို့၏ရှေ့တွင် အဆက်၍ နာမ်ပြုထားခြင်းဖြစ်သည်။

အချို့သော ဝေါဟာရတို့သည် ပင်ကိုအားဖြင့်ပင် နာမ်သဘော သက်ရောက်ပြီးဖြစ်သော်လည်း အဆက်၍နာမ်ပြုထားသည်။

သာဓက။       ။

အမိ၊ အဖ၊ အသက်၊ အသံ၊ အဆွေ၊ အမျိုး၊ အခါ၊ အခေါက်၊ အပင်၊ အမြစ်၊ အမွေ၊ အသား၊ အသွေး စသည်။ ပစ္စည်းအဖြစ်သုံးသော အများ တွင် အနက်သီးခြားမရှိပါ။ အသံထွက်ရာတွင်လည်း မတြာပြည့်မထွက် ပါ။ မတြာဝက်မျှသာ အသံထွက်ပါသည်။ ထို့ကြောင့် ပစ္စည်းဖြစ်သော အများတွင် အနက်မရှိဘဲ မတြာပြည့် နာမဝိသေသနအများ၏ အနက် ဖြစ်သော ပေါင်းစည်းအနက်ကိုသာ ယူဆရန်ရှိပါသည်။

အ၏ တိုင်သံတစ်ခုမှာ အက်ဖြစ်ပါသည်။  အက် ကို   မြန်မာ အဘိဓာန်တွင် အက်၊ ကြိ - ၁၊ အကွဲကြောင်း ထင်ရှားစွာပေါ်သည်။ ၂ (အသံ) ကြည်လင်ပြတ်သားမှုမရှိဖြစ်သည်။ဟု အဓိပ္ပာယ်ဖွင့်ထား ပါသည်။ လယ်မြေ၊ နုန်းမြေ စသည်တွင် ရေခန်းပြီး နေအလွန်ပူသဖြင့် မြေသည် အခြောက်လွန်ကာ မြေကြီးတွင် ပပ်ကြားဖြစ်ပေါ်သည်ကို ပပ်ကြားအက်သည်ဟု ဆိုသည်။ ယင်းသို့ ဖြစ်နေသော အက်ကွဲကြောင်း ကိုလည်း ပပ်ကြားအက်ဟုပင်ခေါ်သည်။ စုရုံးပေါင်းစည်းအားကြီးသဖြင့် သိပ်သည်းကျစ်လျစ်ပြီး ကွဲအာလာခြင်းဖြစ်သည်။ ဩဇာသီးစသည် လည်း သီးကင်းအဖြစ်မှ သီးရင့်ဖြစ်လာပြီး အရင့်လွန်သော်၊ အစိမ်းလွန် သော် ပေါင်းစည်းစုရုံးမှုအားကြီးပြီး ဩဇာသီးသည် အက်ကွဲလာတတ်ပါ သည်။ ပေါင်းစည်းခြင်း၊ ကျစ်လျစ်သိပ်သည်းခြင်းသည် အက်ကွဲခြင်းကို ဖြစ်စေပါသည်။

အပ်သည်လည်း အ၏ တိုင်သံတစ်ခုဖြစ်သည်။ အပ်၏အနက် လည်း ပေါင်းစည်းခြင်းပင်ဖြစ်သည်။  အပ်၏အဓိပ္ပာယ်ကို   မြန်မာ အဘိဓာန် တွင် အပ်၊ ကြိ-၁၊ မျက်နှာပြင်တစ်ခုနှင့် တစ်ခု   ထိကပ် အောင်ပြုသည်။ ၂၊ စောင့်ရှောက်ထိန်းသိမ်းရန်ပေးသည်၊  လွှဲသည်။ ၃၊ ပစ္စည်းတစ်စုံတစ်ရာကို ပြင်ဆင်ပြုလုပ်ရန် ပေးသည်။ ၄၊ သင့်လျော် လျောက်ပတ်သည်။ ဟု ဖွင့်ပြထားပါသည်။ ဤတွင် အနက် ၁ သည် ကျောချင်းကပ်သည်။ ရင်ချင်းအပ်သည်။  ၂ သည်   ကလေးကို ကျောင်းအပ်သည်။ ၃ သည် အင်္ကျီချုပ်ရန် စက်ဆိုင်တွင်အပ်သည်။ ၄ သည် ပြောအပ်သည်၊ ဆိုအပ်သည် စသည်တို့ကဲ့သို့ သုံးနှုန်းကြခြင်း ဖြစ်သည်။      သာဓကလေးခုလုံး  ပေါင်းစည်းခြင်းအနက်ချည်းဖြစ် သည်။

ချုပ်၍ဆိုရသော် အ၏ အနက်သည်  ပေါင်းစည်းခြင်း၊    အ၏ တိုင်သံအက်၏ အနက်လည်း ပေါင်းစည်းခြင်း၊ အ၏ တိုင်သံ အပ်၏ အနက်လည်း ပေါင်းစည်းခြင်းဟုဆိုလိုပါသတည်း။

(ဆက်လက်ဖော်ပြပါမည်)