၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဆွေးနွေးမှာကြား

 

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဆွေးနွေးမှာကြား

 

ရန်ကုန်     နိုဝင်ဘာ    ၁၀

 ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန      ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်  အမှာစကား ပြောကြားသည်။        

 ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပရန် စီမံထားရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌  ပါဝင်ခဲ့သည့်  ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့်  ပုဂ္ဂိုလ်များကို   အစကတည်းကပင်   ဆုများအကဲဖြတ်စိစစ်ရေး အဖွဲ့တွင် တာဝန်ပေးအပ်ရန် မပြုသင့်ကြောင်း၊ ၎င်းတို့အား အကဲဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ်သည့် အထင်အမြင် လွဲမှားမှုများ ကြုံတွေ့ရနိုင်ကြောင်း၊ ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံစိတ်ဖြင့်  အောင်မြင်စွာကျင်းပ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ယခင်နှစ်ကျင်းပခဲ့သည့် အခမ်းအနားမှ ရရှိခဲ့သော အားသာချက်/အားနည်းချက်များကိုလည်းကောင်း၊ ယခုအခမ်းအနားအတွက် တာဝန်ခွဲဝေ ဆောင်ရွက်မည့်   အစီအစဉ်ကိုလည်းကောင်း  ရှင်းလင်းတင်ပြပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။

Dates: 
Monday, November 11, 2024 - 07:32