မြန်မာနိုင်ငံ စီးပွားရေးပညာ နှစ် (၁၀၀)
စီးပွားရေးပညာသည် ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ Department of Economics စတင်ဖွင့်လှစ်ချိန်၌ ရောက်ရှိလာခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးပညာ နှစ် (၁၀၀)ပြည့်ခဲ့ချေပြီ။ လွန်ခဲ့သည့် အတိတ်ကာလ ၁၉၂၄ ခုနှစ်မှစတင်၍ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှု - စီးပွားကဏ္ဍတို့တွင် စီးပွားရေးပညာက မည်သို့အကျိုးပြုခဲ့သည်ကို မကြာမီကာလတွင် စီးပွားရေးပညာနှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကိုကျင်းပရင်း ဂုဏ်ပြုမှတ်တမ်းတင်စရာက များပြားလှသည်ဆိုသော် လွန်အံ့မထင်။
ပထမဆုံးစီးပွားရေးတက္ကသိုလ်များ၏ ဆောင်ပုဒ်ကိုကြည့်ပါက “ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ”ဟူသော လေးနက်တည်ကြည်မြင့်မားသော ပညာ၏ဂုဏ်ပုဒ်ကို တွေ့ရှိနိုင်သည်။ ယနေ့ စီးပွားရေးပညာဖြင့် အခြားနိုင်ငံနှင့်ရင်ပေါင်တန်းပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြမည်ဆိုပါက ယနေ့စီးပွားရေးပညာရှင်များသည် ထိရောက်မှု (Effectiveness) နှင့် စွမ်းဆောင်ရည် (Efficiency) ဖန်တီးနိုင်စွမ်းရှိအောင် “ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ” ပြည့်စုံမှသာ အောင်မြင်နိုင်မည်ကို ဖော်ညွှန်းနေသကဲ့သို့ ဖြစ်ပေသည်။
နိုင်ငံနှင့် ပြည်သူများအကျိုး သယ်ပိုးပေးမည့် ပညာ
စီးပွားရေးပညာရပ်သည် နိုင်ငံနှင့်ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် နိုင်ငံတော်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် အကျိုးပြုခဲ့သည့် ဘာသာရပ်ကြီးဖြစ်သည်။
စီးပွားရေးပညာ၏အသုံးဝင်မှု လူမှုရေးသိပ္ပံပညာရှုထောင့်မှသုံးသပ်လျှင် စီးပွားရေးပညာသည် လူ့အဖွဲ့အစည်းအတွင်း ရှားပါးသည့် သယံဇာတ (မြေယာ၊ လုပ်သား၊ အရင်းအနှီး၊ နည်းပညာ စသည်) တို့ကို မည်သို့ခွဲဝေ၊ လဲလှယ်အသုံးပြုခြင်းအား နားလည်ရန် သိပ္ပံနည်းကျနည်းစနစ်များကို အသုံးပြုသည်ဟုဆိုသည်။
စီးပွားရေးပညာဆိုသည်မှာ
စီးပွားရေးပညာဘာသာရပ် “Economics” ဟူသည့် ဝေါဟာရအသုံးအနှုန်းသည် “Oikonomia” ဟူသည့် ဂရိစကားလုံးမှ ဆင်းသက်လာခဲ့သည်။
ယင်း၏အဓိပ္ပာယ်မှာ အိမ်တွင်းစီမံခန့်ခွဲမှု (Household Management) ဖြစ်သည်။ “Oikonomia” တွင် စကားလုံး Oikos (Household) နှင့် Nemein (Management and Dispensation) တို့ ပါဝင်ခြင်းကြောင့် ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle, the Greek Philosopher) က စီးပွားရေးပညာကို “အိမ်တွင်းစီမံခန့်ခွဲမှု” သိပ္ပံပညာရပ်အဖြစ်ခေါ်ဆိုခဲ့သည်။ ဆိုလိုသည်မှာ အိမ်ရှင်မတစ်ဦးသည်ပင်လျှင် ဝင်ငွေနှင့်ထွက်ငွေလုံလောက်စေရန်၊ အကြွေးမတင်စေရန် စီမံခန့်ခွဲရခြင်း၊ အကန့်အသတ်နှင့်ရရှိသော မိသားစု
ဝင်ငွေအား တစ်အိမ်သားလုံး စားဝတ်နေရေးအတွက် အလျဉ်မီစေခြင်း၊ လောက်ငမှုဖြစ်စေရန် စီမံခန့်ခွဲ ရခြင်းကြောင့် စီးပွားရေးပညာနှင့် ကင်းလွတ်၍ မရနိုင်ပေ။ ထို့ကြောင့် စီးပွားရေးပညာသည် လူပုဂ္ဂိုလ်၊ အိမ်ထောင်စုများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံအစိုးရများ အားလုံးနှင့်သက်ဆိုင်သည်။ လူတို့၏အခြေခံ စားဝတ်နေရေးသည် စီးပွားရေးနှင့် သက်ဆိုင်နေပေသည်။
စားဝတ်နေရေးနေ့စဉ်ဘဝအတွက်အခြေခံသိရှိနားလည်အပ်သည့်ပညာ
အမေရိကန်စီးပွားရေးပညာရှင် သောမတ်စ်ဆိုဝဲလ်က စီးပွားရေးပညာသည် စီးပွားရေးအဆောက်အအုံတွင် အကြောင်းရင်း(Cause)နှင့် အကျိုးသက်ရောက်မှု (Effect)တို့၏ ဆက်နွှယ်မှုများကို လေ့လာခြင်းဖြစ်သည်ဟုဆိုသည်။ (American economist Thomas Sowell provides another useful definition: Economics is the study of cause-and-effect relationships in the economy.) သို့ဖြစ်ပါ၍ စီးပွားရေးပညာသည် လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများနှင့် အစိုးရများက ရှားပါးပြီး အမျိုးမျိုးအသုံးချ၍ ရရှိနိုင်သည့် အရင်းအမြစ်များ (Resources)ကို မည်သို့ ခွဲဝေသုံးစွဲဆောင်ရွက်ကြသည် (How to allocate?) ကို လေ့လာသည့် ဘာသာရပ်နယ်ပယ်တစ်ခုပင်ဖြစ်သည်။ ထို့ပြင် ဈေးကွက်စီးပွားရေးတစ်ခုတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုကို ထိုရွေးချယ်မှုများက မည်သို့သက်ရောက်မှုရှိကြောင်းကို နားလည်ခြင်းလည်းဖြစ်သည်။
လက်တွေ့ဘဝမှာ စီးပွားရေးပညာသည် လူတို့၏ နိစ္စဓူဝတွေ့ကြုံရသည့် စား၊ ဝတ်၊ နေရေးတို့နှင့် ဆက်စပ်နေပေသည်။ သို့ဖြစ်ပါ၍ စီးပွားရေးပညာကို စူးစိုက်ဇောက်ချလေ့လာမှုမပြုသည့်တိုင် လူတိုင်း၊ လူတိုင်းစီးပွားရေးပညာအသိကို အခြေခံသဘောအားဖြင့် သိရှိရန်လိုအပ်မည်ဖြစ်ပေသည်။
စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်သောပညာကမ္ဘာ့ပထဝီစီးပွားရေးသည် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် ရုရှား - ယူကရိန်းပဋိပက္ခတို့ကြောင့် ကုန်သွယ်ရေးထောက်ပံ့ရေးကွင်းဆက် (Supply Chain) ပြတ်တောက်ပြောင်းလဲမှု၊ ကုန်သွယ်ရေးစစ်ပွဲ (Trade War) ၊ ငွေကြေးစစ်ပွဲ (Currency War, De- dollarization)၊ နည်းပညာစစ်ပွဲ (Techno War, Chips War) တို့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတို့ကြောင့် သဘာဝဘေးဒဏ်ထူပြောလာမှုအရ စီးပွားရေးထိခိုက်ကျဆင်းလာခဲ့ရာ နိုင်ငံအများအပြားအတွက် ထိုသက်ရောက်မှုများကို ယနေ့ဖြေရှင်းဆောင်ရွက်နေကြရသည်။
ကမ္ဘာ့စီးပွားရေးထိခိုက်ကျဆင်းမှုနှင့် ဆက်နွှယ်လျက် တစ်နိုင်ငံချင်း၏ စီးပွားရေးထိခိုက်ကျဆင်းမှု၊ နိုင်ငံသားပြည်သူတစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်းစီ
အထိ စီးပွားရေးမပြေလည်သည့် စိန်ခေါ်မှုများကို ပြန်လည်တုံ့ပြန်ရင်ဆိုင်ဖြေရှင်းနေကြရသည်။
တစ်ဖက်ကလည်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ လက်ရှိ စတုတ္ထစက်မှုတော်လှန်ရေး (4IR) နှင့် ၎င်း၏ ပေါ်ထွန်းလာသောနည်းပညာများ၊ ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ မေခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းများ စသည်ဖြင့် စိန်ခေါ်မှုများလည်းရှိသကဲ့သို့ အခွင့်အလမ်းများနှင့်လည်း တွေ့ကြုံနိုင်ပေသည်။
စီးပွားရေးပညာကိုလေ့လာခြင်းဖြင့် အစိုးရမူဝါဒနှင့် စည်းမျဉ်းများ၊ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် အင်အားစုများနှင့် စီးပွားရေးအပေါ် မူဝါဒများ၏ အကျိုးသက်ရောက်မှုအပါအဝင် လူတို့၏ဘဝတွင် ကဏ္ဍအဖုံဖုံကို တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများ ပေးစွမ်းနိုင်သည်။ စီးပွားရေးပညာသည် အလျင်အမြန်ခေတ်မီပြောင်းလဲနေသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဟာဗျူဟာကျကျ၊ ယထာဘူတကျကျ ကိုင်တွယ်ဖြေရှင်းဖို့ ကိုက်ညှိဆောင်ရွက်ပြင်ဆင်နိုင်ရေးအတွက်လည်း ပံ့ပိုးပေးနိုင်ပါလိမ့်မည်။
လက်တွေ့ဘဝတွင် စီးပွားရေးပညာကိုလေ့လာခြင်းအားဖြင့် သက်ဆိုင်ရာ စီးပွားရေးဝေါဟာရအသုံးအနှုန်းနှင့် စီးပွားရေးသီအိုရီများက တကယ့်ကမ္ဘာ့အခြေအနေများတွင် မည်သို့အသုံးပြုနိုင်သည်ကို သိရှိအသုံးချဖြေရှင်းပေးနိုင်သော ပညာဖြစ်သည်။ ထို့ပြင် စီးပွားရေးပညာသည် စီးပွားရေးပြဿနာများကို ဖြစ်ပေါ်မှသာ ဖြေရှင်းနိုင်သော ပညာရပ်သာမက မဖြစ်ပေါ်အောင်လည်း သုတေသနချဉ်းကပ်မှုများနှင့် ကြိုတင်တားဆီးနိုင်၊ ကြိုတင်ကာကွယ် (Early Warning) ဆောင်ရွက်နိုင်သည်။
ဆက်စပ်စီးပွားရေးပညာ တိုးချဲ့လေ့လာစရာ
စီးပွားရေးပညာသည် မည်သည့်နယ်ပယ်နှင့်မဆို ပေါင်းစပ်အသုံးပြုရနိုင်သည်။ စီမံခန့်ခွဲမှုပညာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စာရင်းပညာ စသည်တို့သည် မည်သည့်နယ်ပယ်မဆို ပေါင်းစပ်အသုံးပြုနေရပြီး အင်ဂျင်နီယာနယ်ပယ်တွင် (Engineering Economics)၊ စက်မှုနယ်ပယ်တွင် (Industrial Economics)၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာနယ်ပယ်တွင် (Defense Economics)၊ ကျန်းမာရေးနယ်ပယ်တွင် (Health Economics)၊ ပညာရေးနယ်ပယ်တွင် (Educational Economics)၊ စိုက်ပျိုးရေးနယ်ပယ်တွင် (Agriculture Economics)၊ သဘာဝပတ်ဝန်းကျင်နယ်ပယ်တွင် (Environmental Economics)၊ စီးပွားရေးလုပ်ငန်းများ နယ်ပယ်တွင် (Business Economics)၊ အဖွဲ့အစည်းများနယ်ပယ်တွင် (Institutional Economics)စသည်ဖြင့် သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် စီးပွားရေးပညာသဘောတရားများအား ထည့်သွင်းပေါင်းစပ် အသုံးပြုနိုင်သည်။ ယနေ့ခေတ်စားနေသည့် Big Data မှ အချက်အလက်များအား ဆန်းစစ်ခြင်း (Data Analysis)၊ အချက်အလက်များမှ စာရင်းအင်း၊ စာရင်းအင်းမှတစ်ဆင့် မူဝါဒဆုံးဖြတ်ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ စိစစ်အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းတို့သည်လည်း စီးပွားရေး ပညာအခြေခံများနှင့်ပင် အသုံးချဆောင်ရွက်ကြရသည်။
၁၉၂၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ အခြေချရောက်ရှိလာခဲ့သည့် စီးပွားရေးပညာသည် မြန်မာနိုင်ငံစီးပွားရေးပညာ နှစ် (၁၀၀) အတွင်း စီးပွားရေးတက္ကသိုလ် မူလဘာသာရပ်ကြီးများဖြစ်သော ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီမံခန့်ခွဲမှုပညာမှစ၍ စီးပွားရေးအခြေခံဘာသာရပ်များကို Multi - disciplinary စနစ်ဖြင့် စာသင်ကြားလျက်ရှိသည့် Master of Public Administration (MPA), Master of Business Administration (MBA), Master of Development Studies (MDevS), Master of Banking and Finance (MBF), Master of Applied Statistics (MAS), Master of Marketing Management (MMM) စသည်
ဖြင့် စီးပွားရေးပညာဘွဲ့ရများကို ကျောင်းအသီးသီးမှ မွေးထုတ်ကာ တပ်ဘက်၊ နယ်ဘက် ပြည်သူ့ရေးရာ၊ စာပေနှင့် အနုပညာနယ်ပယ် စသည့်ကဏ္ဍများတွင်သာမက ပုဂ္ဂလိကကဏ္ဍနှင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များအထိ ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။
စီးပွားရေးတက္ကသိုလ်များ၊ သမဝါယမတက္ကသိုလ်များ၊ ကောလိပ်များ၊ မဟာဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင်ပါ ကဏ္ဍစုံစီးပွားရေး ပညာဌာနအသီးသီးမှ မွေးထုတ်ပေးလျက်ရှိသော ဘွဲ့ကြိုများ၊ ဘွဲ့လွန်ဒီပလိုမာများ၊ မဟာဘွဲ့များ၊ ပါရဂူဘွဲ့များအား နိုင်ငံ့အကျိုးပြုစေရန် စဉ်ဆက်မပြတ်မွေးထုတ် ဆောင်ရွက်လျက်ရှိကြသည်။
အနာဂတ်တွင် ရင်ဆိုင်ကျော်လွှား စွန့်စားရမှုအသစ်များ
တစ်ဖက်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ လက်ရှိစတုတ္ထစက်မှုတော်လှန်ရေး (4IR) နှင့် ၎င်း၏ ပေါ်ထွန်းလာသောနည်းပညာများ၊ ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ မေခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းများ စသည်ဖြင့် စိန်ခေါ်မှုများလည်းရှိသကဲ့သို့ အခွင့်အလမ်းများနှင့်လည်း တွေ့ကြုံနိုင်ပေသည်။
ပထဝီနိုင်ငံရေး (Geo Politics)၊ ပထဝီစီးပွားရေး (Geo - economy) တို့သည်လည်း နီးကပ်စွာဆက်စပ်လာခြင်းတို့ကြောင့် ထိုစွန့်စားရမှုအသစ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပြောင်းလဲ
နေသော ကမ္ဘာ့နိုင်ငံရေးဘောဂဗေဒ (Political Economy) ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ (Development Strategies in a changing global political economy) ကို ပြင်ဆင်ချဉ်းကပ်ဆောင်ရွက်ရန်လိုအပ်သည်။
စီးပွားရေးပညာကိုလေ့လာခြင်းဖြင့် အစိုးရစည်းမျဉ်းများ၊ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အင်အားစုများနှင့် စီးပွားရေးအပေါ် မူဝါဒများ၏အကျိုးသက်ရောက်မှုအပါအဝင် လူတို့၏ဘဝတွင် ကဏ္ဍအဖုံဖုံကို တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများပေးစွမ်းနိုင်သည်။ စီးပွားရေးပညာသည် အလျင်အမြန် ခေတ်မီပြောင်းလဲနေသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဟာဗျူဟာကျကျ ကိုင်တွယ်ဖြေရှင်းဖို့ ကိုက်ညှိဆောင်ရွက်ပြင်ဆင်နိုင်ရေးအတွက်လည်း ပံ့ပိုးပေးနိုင်ပါလိမ့်မည်။
အနာဂတ် အမိမြန်မာပြည်စီးပွားရေး
နှစ် (၁၀၀) ပြည့်တွင် ဆင့်ပွားကြိုးစားရေး
လက်ရှိတွင် စီးပွားရေးပညာဆိုင်ရာဘွဲ့ရများသည် အသီးတစ်ရာအညှာတစ်ခုဆိုသကဲ့သို့ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် မိမိတို့သင်ယူတတ်မြောက်ထားသော စီးပွားရေးပညာရပ်များကို အသုံးချ၍ နယ်ပယ်အသီးသီး၊ ရာထူးတာဝန်အဆင့်ဆင့်တို့တွင် နိုင်ငံ့အတွက် တစ်ထောင့်တစ်နေရာမှ အရေးကြီးသော တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည်။
ထို့ကြောင့် ကြုံတောင့်ကြုံခဲ စီးပွားရေးပညာ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကြီးကို စီးပွားရေး ပညာရပ်နယ်ပယ် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိလေ့လာသင်ယူအသုံးချနိုင်စေရေး၊ နိုင်ငံ့စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များတိုးတက်အောင်မြင်စေရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ဖော်ထုတ်နိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး နိုင်ငံအကျိုးပြုဘာသာရပ်ကြီး ဖြစ်သည့်အတွက် စီးပွားရေးပညာ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကြီးကို ၂၀၂၄ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်တွင် နေပြည်တော်၌ နယ်ပယ်နှင့်အလွှာအသီးသီးမှ စီးပွားရေးပညာဘွဲ့ရများက စုပေါင်းဆင်နွှဲရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အထိမ်းအမှတ်အခမ်းအနားတွင် ဖွင့်ပွဲ၊ ပြခန်းနှင့် ကုန်စည်ပြပွဲ၊ စာတမ်းဖတ်ပွဲနှင့် အထိမ်းအမှတ်ည စာစားပွဲတို့ ပါဝင်မည်ဖြစ်သည်။
ကြုံတောင့်ကြုံခဲသည့် အခွင့်အခါသမယတွင် နယ်ပယ်အလွှာအသီးသီးက အင်အားများစုစည်းကာ စီးပွားရေးပညာနှစ်(၁၀၀)မှသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်၍ စီးပွားပညာစွမ်းအားဖြင့် အလားအလာတို့အား ဖော်ထုတ်နိုင်ပါရန်၊ စီးပွားပညာအနေဖြင့် နိုင်ငံ့အနာဂတ်အတွက် စွမ်းဆောင်နိုင်သည့် ပညာ့တန်ဆောင်အဖြစ် အသုံးချနိုင်စေရန်၊ စီးပွားပညာနှစ် (၁၀၀)နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်၊ ဖွံ့ဖြိုးမှုစိန်ခေါ်မှုများနှင့် လက်ရှိပစ္စုပ္ပန်မှသည် အနာဂတ်နိုင်ငံ စီးပွားမြှင့်တင်နိုင်စေရေး အတွက်ရည်မှန်း၍ စာတမ်းဖတ်ပွဲ၏ Theme အား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အနာဂတ်အလားအလာ (Development Opportunities and Perspectives) သတ်မှတ်ကာ စီးပွားရေးပညာ နှစ် (၁၀၀)ပြည့် စာတမ်းဖတ်ပွဲကို ဆောင်ရွက်မည် ဖြစ်ပါသည်။
စီးပွားရေးပညာ နှစ် (၁၀၀) ပြည့် စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ အသေးစိတ်ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
( က ) စီးပွားရေးပညာ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်၊
( ခ ) ခေတ်ကာလအလိုက်ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေးအခြေအနေ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ပိုမိုကျယ်ပြန့်ပြောင်းလဲလာသော စီးပွားရေးပညာရပ်များကို လေ့လာသုံးသပ်၍ ပိုမိုတိုးချဲ့သင်ကြားပေးသွားနိုင်ရေး ဆွေးနွေးဖော်ထုတ်ရန်၊
( ဂ ) နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးအတွက် မျက်မှောက်ကာလ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိမည့် လူ့အရင်းအမြစ်များကို ပိုမိုတိုးမြှင့် လေ့ကျင့်မွေးထုတ်နိုင်ရေး ဆွေးနွေးဖော်ထုတ်ရန်၊
( ဃ ) အတိတ်နှင့် ပစ္စုပ္ပန်ကာလ ကမ္ဘာ့စီးပွားရေး ရိုက်ခတ်ပြောင်းလဲမှုများအလိုက် ကြုံတွေ့ခဲ့ကြရသော နိုင်ငံစီးပွားရေးစိန်ခေါ်မှု သင်ခန်းစာများအား ဖော်ထုတ်၍ အနာဂတ်နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု- စီးပွားတိုးတက်စေရန် အနာဂတ်တွင် ဆက်လက် ဆောင်ရွက်သင့်သော အခြေအနေများကို Session များအတိုင်း ဖွဲ့စည်းဆွေးနွေးဖော်ထုတ်ဆောင်ရွက်ရန်၊
( င ) ဆွေးနွေးဖော်ထုတ်ရရှိချက်များကို နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုတင်ပြရန်တို့ဖြစ်ပါသည်။
စာတမ်းဖတ်ပွဲအား အောက်ဖော်ပြပါခေါင်းစဉ်ခြောက်ခုဖြင့် ချဉ်းကပ်ဆောင်ရွက်မည်ဖြစ်ပါသည်-
( က ) စာတမ်းဖတ်ပွဲ (Session I) တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာ နှစ် (၁၀၀) ခရီးယခင်၊ ယခုနှင့် အနာဂတ်စီးပွားရေးအလားအလာ (100 Years Journey of Economics in Myanmar: Past, Present
and Future) ခေါင်းစဉ်ဖြင့်လည်းကောင်း၊
( ခ ) စာတမ်းဖတ်ပွဲ (Session II) တွင် မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေး၊ အလားအလာနှင့် စိန်ခေါ်မှုများ (World Economy, Megatr-ends and itschallenges) ခေါင်းစဉ်ဖြင့် လည်းကောင်း၊
( ဂ ) စာတမ်းဖတ်ပွဲ (Session III) တွင် နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အဦ၏ အခန်းကဏ္ဍ (The Role of Infrastructure in National Development) ခေါင်းစဉ်ဖြင့်လည်းကောင်း၊
( ဃ ) စာတမ်းဖတ်ပွဲ (Session IV)တွင် လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် စားရေရိက္ခာဖူလုံ ကြွယ်ဝမှု (Agriculture Production and Food Security) ခေါင်းစဉ်ဖြင့်လည်းကောင်း၊
( င ) စာတမ်းဖတ်ပွဲ (Session V) တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု (The Role of MSMEs in National Development) ခေါင်းစဉ်ဖြင့်လည်းကောင်း၊
( စ ) စာတမ်းဖတ်ပွဲ (Session VI) ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုကဏ္ဍ (Sectoral Growth: Investment, Trade and Services) ခေါင်းစဉ်ဖြင့်လည်းကောင်း၊
( ဆ ) Plenary Session အဖြစ် ဆောင်ရွက်ထားသည့် စာတမ်းဖတ်ပွဲများ၏ အနှစ်ချုပ်တင်ပြချက် (Summary of the Paper Reading Sessions and Discussions) နှင့် မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ (Policy Recommendations) ကို ထုတ်နုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ စီးပွားရေးပညာရပ်နယ်ပယ် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်မှုကို ထိုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးနှင့် အထောက်အကူဖြစ်စေရန်၊ စီးပွားရေးပညာအား မျိုးဆက်သစ်လူငယ်များ ပိုမိုသင်ယူလေ့လာသိရှိတန်ဖိုးထား အသုံးချနိုင်စေရန်၊ စီးပွားရေးပညာဘွဲ့ရများက နိုင်ငံဖွံ့ဖြိုးမှုအတွက် ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်တို့ကို ရည်မှန်းချက်ထားရှိပြီး နိုင်ငံအကျိုးပြုဘာသာရပ်ကြီးဖြစ်သည့်အတွက် “စီးပွားပညာ နှစ် (၁၀၀)ပြည်သူ့အကျိုးတို့သယ်ပိုး” ဆောင်ပုဒ်ဖြင့် စီးပွားရေးပညာနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အား စည်းလုံးညီညွတ်ဂုဏ်ယူစွာ စုစည်းပါဝင်ကျင်းပဆင်နွှဲကြပါစို့။ ။