မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်

 

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်

တန်ဆောင်မုန်းလသည် မိုးအကုန်ဆောင်းအကူး ကြားကာလဖြစ်သည်။ ရာသီဥတုသည် ပုံမှန်အားဖြင့် သာသာယာယာရှိသည်။ ကောင်းကင်၌ မိုးတိမ်ကင်းစင်သဖြင့်   ကျေးလက်တောရွာများတွင် ညအချိန်၌ ကြည်လင်တောက်ပသောလရောင်ကို အပြည့်အဝခံစားခွင့် ရရှိသလို အနည်းငယ်လည်း အေးစိမ့်လာပြီဖြစ်သည်။ နံနက်စောစောလမ်းလျှောက် သည့်အခါ စိမ်းစိုသောမြက်ခင်းပြင်ပေါ်တွင် ဖြူဖြူဖွေးဖွေးဆီးနှင်းစက် ကလေးများကို မြင်တွေ့ရသည်မှာ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ လမ်းလျှောက်ရင်းသန့်ရှင်းလတ်ဆတ်သော  ဆောင်းလေအေးအေးလေးကိုရှူရှိုက်ရသည့်အခါ ပိုမိုလန်းဆန်းတက်ကြွ လာစေပါသည်။

တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြိတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး ဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့်ဖွဲ့ဆိုခဲ့သည်။ တန်ဆောင်မုန်းလကို   ဗေဒင်အခေါ်အဝေါ်အရ   ဗြိစ္ဆာရာသီ ဟုခေါ်သည်။ ရာသီရုပ်မှာကင်းမြီးကောက်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ အမှန်စင်စစ်မှာမူ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ပင်ဖြစ်သည်။

စေတနာသဒ္ဓါတရားထက်သန်နှစ်စဉ် တန်ဆောင်မုန်းလရောက်ပြီဆိုလျှင် လူကြီး၊ လူငယ်၊ လူလတ်အရွယ်ပေါင်းစုံသည် အလှူအတန်းများ၊ ပွဲတော်များအတွက် မမောမပန်းအလုပ်ရှုပ်နေကြသည်။ အားလုံး၏ တူညီသော စိတ်စေတနာသည် ကောင်းမှုကုသိုလ်ပြုလုပ်ရန်ဖြစ်သည်။ ချစ်စရာမြန်မာ့ဓလေ့ပင် ဖြစ်သည်။ မြန်မာတို့သည် မလှူရလျှင် မနေနိုင်သောသူများဖြစ်ကြသည်။ အလှူရေစက်လက်နှင့်မကွာသည်မှာ မြန်မာများသာဖြစ်ကြသည်။  ထို့ကြောင့်  အလှူအတန်းပြုလုပ်ရာတွင် ကမ္ဘာ့အဆင့်တစ်နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

စင်စစ်အားဖြင့် ကမ္ဘာပေါ်တွင် ပြက္ခဒိန်တစ်နှစ်လုံး လအလိုက် အလှူအတန်းပြုလုပ်သည့် ပွဲတော်များ ကျင်းပလျက်ရှိသည့် နိုင်ငံကိုပြရမည်ဆိုလျှင် မြန်မာနိုင်ငံတွင်သာရှိမည်ဟုထင်ပါသည်။ အကြောင်းမူကား မြန်မာတို့သည်   လအလိုက်ရာသီပွဲတော်များကျင်းပပြီး   အလှူအတန်းပြုလုပ်ကြသည့်  ရိုးရာဓလေ့ထုံးတမ်း စဉ်လာများကို  သားစဉ်မြေးဆက်လက်ဆင့်ကမ်း ထိန်းသိမ်းထားကြသောကြောင့်သာဖြစ်သည်။   ထိုသို့ပွဲတော်များ ကျင်းပခြင်းသည် အပျော်အပါးသက်သက်အတွက် ငွေကြေးသုံးစွဲနေခြင်းမျိုး မဟုတ်ပေ။  လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဓလေ့စရိုက်ကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းထားသလို အခြားတစ်ဖက် တွင်လည်း   လုပ်ငန်းခွင်၌ ပင်ပန်းနေကြသည့် ပြည်သူများကို စိတ်ထွက် ပေါက်ပေးထားခြင်းပင်ဖြစ်သည်။ တစ်နယ်တစ်ကျေးတွင်ရှိသော မိဘဆွေမျိုးများနှင့် ပြန်လည်ဆုံဆည်း နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်လည်း ပါရှိသည်။

မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလရောက်ပြီဆိုလျှင် ပွဲတော်များစွာ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊   ဆီမီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်၊ ကျီးမနိုးပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ပံ့သကူပွဲတော် များကို ကျင်းပလေ့ရှိကြသည်။  ထိုပွဲတော်များစွာအပြင် တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့လည်း ဖြစ်သည်။ ထိုပွဲတော်အားလုံးကို လွှမ်းခြုံကြည့်မည်ဆိုလျှင်     အလှူအတန်းနှင့် ဆက်စပ်လျက်ရှိသည်။ အမှန်စင်စစ်မှာမူမြန်မာတို့၏ စေတနာသဒ္ဓါတရား   ထက်သန်ရက်ရောမှုကို ဖော်ညွှန်းနေခြင်း ဖြစ်သည်။

သာမညဖလအခါတော်နေ့

တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလအခါတော်နေ့ဖြစ်သည်။ သာမညသည် သာမဏေ၊ ရသေ့၊ ရဟန်းပြုလုပ်ခြင်းအဖြစ်ဟု အနက်အဓိပ္ပာယ်ရရှိသည်။ ဖလသည်အကျိုးကျေးဇူးပင်ဖြစ်သည်။ ဆိုလိုသည်မှာ   သာမညဖလသည်ရသေ့ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးဟူ၍ အဓိပ္ပာယ်ဖွင့်ဆို ပါသည်။ သုံးလောကထွတ်ထားဗုဒ္ဓမြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်းလပြည့်ညတွင် အဇာတသတ် မင်းကြီးကို   သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး)    ဟောကြားတော်မူခဲ့သည်။ အဇာတသတ်မင်းသည် ထိုသုတ္တန်ဒေသနာတော်ကိုနာကြားရပြီးနောက်   ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့်   ဥပါသကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုအခါ ဖခင်ဘုရင် ဗိမ္ဗိသာရမင်းကြီးအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများကြောင့် အိပ်မပျော်စားမဝင်ဖြစ်နေသော   အဇာတသတ်မင်းသား၏ ရောဂါဝေဒနာများ ချုပ်ငြိမ်းသွားခြင်း၊ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အသက်ပေးကြည်ညိုသူ ဖြစ်လာခြင်း၊ မဟာအဝီစိငရဲသို့ မကျရောက်တော့ဘဲ လောဟကုမ္ဘီငရဲ၌သာ ကျရောက်ခြင်း၊ နောင်အခါ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓဖြစ်ပြီး    နိဗ္ဗာန်ကိုမျက်မှောက်ပြုရမည့်ပုဂ္ဂိုလ်ဖြစ်ခြင်း စသည့် အကျိုးတရားများ ခံစားရသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို  သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပလာခြင်း ဖြစ်သည်။ 

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ကထိန်သင်္ကန်းအလှူသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက်မလှူမဖြစ်  လှူဒါန်းသင့်သော အလှူဒါနတစ်ခုဟုပင် ဆိုနိုင်ပါသည်။ “သင်္ကန်းတွင် ကထိန်၊ ကျောင်းမှာသိမ် ဆိုသောစကားအတိုင်းပင် ကထိန်သင်္ကန်းသည်   ပုဂ္ဂိုလ်စွဲ၊  ဂိုဏ်းဂဏစွဲမထားဘဲသံဃာကိုသာ  ရည်မှန်းလှူဒါန်းရခြင်းဖြစ်သည်။ ကထိန်သင်္ကန်းသည် သံဃာများကိုသာ ရည်မှန်းလှူဒါန်းရသောကြောင့် သံဃိကဒါနမြောက်ခြင်း၊ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိသာ   လှူဒါန်း ရသဖြင့် ကာလဒါနမြောက်ခြင်း၊ သံဃာတော်များအား လာဘ်လာဘဖြစ်ထွန်းစေကာ ချမ်းသာစေခြင်း၊ လှူဒါန်းသူအား  အကျိုးငါးပါး တိုးပွားစေခြင်းနှင့် သံဃာများအား ဝိနည်းသိက္ခာငါးပါးဖြင့် သင့်ရောက်နိုင်သော   အာပတ်တို့ကို ပြယ်နိုင်ခြင်းတို့ကြောင့် ကထိန်သင်္ကန်း    ဆက်ကပ်လှူဒါန်းရခြင်းသည် အမွန်မြတ်ဆုံးဒါနတစ်ခုပင်ဖြစ်သည်။ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အကျိုးတရားများသည် ရေးသား၍ ကုန်နိုင်မည်မဟုတ်ချေ။ အနှစ်ချုပ်လိုက်မည်ဆိုလျှင် အမြတ်ဆုံးဒါနတစ်ခုပင်ဖြစ်သည်။

မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲ မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရား လက်ထက်တော် ကတည်းကပင် ရှိခဲ့သည်။ မိထွေးတော်ဂေါတမီအမှူးပြုသည့် နန်းတွင်းသူများသည်  ဝါဂွမ်းမှအစ  ချည်ငင်၊  ဆေးဆိုး၊ ရက်ကန်းစင်တွင်ရက်လုပ်၊ သင်္ကန်းချုပ်ခြင်းလုပ်ငန်းတို့ကို ညတွင်းချင်းအပြီးဆောင်ရွက်ခဲ့ကြသည်။

နံနက် ၅ နာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း(ကထိန်သင်္ကန်း) ဆက်ကပ်လှူနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအလေ့အထသည်မျက်မှောက်ကာလအထိ ဆက်လက်ရှင်သန်နေဆဲပင် ဖြစ်သည်။ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေတိဂုံစေတီတော်၊    စွယ်တော်မြတ်စေတီ အပါအဝင်တန်ခိုးကြီးဘုရားများတွင်  ရက်ကန်းစင်များဖြင့် ပြည့်လျက်ရှိသည်။ မြတ်စွာဘုရားအတွက် မသိုးသင်္ကန်းရက်လုပ် လှူဒါန်းကြရန်ဖြစ်သည်။ နေ့ကူး သွားလျှင်ရက်လုပ်ထားသော  ထိုသင်္ကန်းကိုမသိုးသင်္ကန်းဟု   မခေါ်ဆိုနိုင်တော့ပေ။ 

ဆီမီးထွန်းပွဲတော်

တန်ဆောင်မုန်းလပြည့်နေ့ညတွင်ကောင်းကင်ယံ၌ မိုးတိမ်ကင်းစင်ပြီး ကြယ်တာရာများစုံညီစွာ ထွန်းလင်းတောက်ပလေ့ရှိသည်။    ရာသီဥတုသည်လွန်စွာ သာယာလှပလျက်ရှိသည်။     ထိုသို့မိုးလေကင်း လွတ်သောညချမ်းတွင် ဗုဒ္ဓအလောင်းတော်၏ဆံတော်ကို ဌာပနာပြီး တာဝတိံသာနတ်ပြည်တွင် တည်ထားသည့်  စူဠာမဏိစေတီတော်ကိုရည်မှန်းကာ ဗုဒ္ဓါနုဿတိပွားများလျက် ဆီမီးများဖြင့်ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။ ထို့ပြင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများနှင့်   မီးရှူးမီးပန်းပစ်ဖောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။   

မဲဇလီဖူးသုပ်ဝေငှခြင်း

ထို့ပြင် ကြတ္တိကာနက္ခတ် စောင့်နတ်သားသည် တန်ဆောင်မုန်းလပြည့်နေ့တွင်    လူ့ပြည်သို့ ဆင်းသက် လာသည်ဟုလည်း ယုံကြည်သက်ဝင်ကြသည်။ ထို့ကြောင့် ရှေးယခင်ကတည်းက မင်းနှင့် ပြည်သူတို့သည် ထိုနတ်သားကို ဆီမီးထွန်းညှိပူဇော်ခဲ့ကြသည်ဟုဆိုသည်။ ကြတ္တိကာနက္ခတ်စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့်နတ်အပေါင်းတို့သည်   မဲဇလီပင်စောင့်နတ်အား လာရောက် ခစားကြသည်ဟုဆိုသည်။ ထို့ကြောင့် မဲဇလီပင်သည်     ဆေးပေါင်းခသည်ဟုလည်းယုံကြည်ယူဆလျက် မဲဇလီဖူးသုပ်ကာ ဝေငှအလှူအတန်းပြုကြသည်။ တစ်အိမ်နှင့်တစ်အိမ် အပြန်အလှန်ဝေငှ စားသောက်ကြသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ပင်ဖြစ်သည်။ ထို့ပြင် တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အစွမ်းထက်ဆုံး၊ အမြင့်မားဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်းဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံဖော်စပ်လေ့ရှိကြသည်ဟု ဆိုသည်။                        

ပံ့သကူအလှူ

မြန်မာတိုင်းရင်းသားလူမျိုးများသည် တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ပွဲအလှူဒါနများကိုလည်း ပြုလုပ်ကြသည်။ ပံ့သကူဟူသောဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ပံ့သကူပစ်ခြင်းသည် ပစ္စည်းဥစ္စာ ပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများအတွက် ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလို အသုံးပြုနိုင်စေရန်ပစ်ထားခြင်း ဖြစ်သည်။

မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်

ဆိုရလျှင် မြတ်ဗုဒ္ဓသည် တန်ဆောင်မုန်းလပြည့်ညတွင် အဇာတသတ်မင်းကြီးအား သာမညဖလသုတ္တန် ဒေသနာတော်   (ရဟန်းပြုရခြင်းအကျိုး)   ကိုဟောကြားတော်မူခဲ့သည်။ ထို့ပြင် တန်ဆောင်မုန်း လတွင်  ကထိန်သင်္ကန်းဆက်ကပ်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲတော်၊ ဆီမီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်၊ ကျီးမနိုးပွဲတော်၊ မဲဇလီဖူးသုပ်ဝေငှသော ပွဲတော်၊ ပံ့သကူပွဲတော်များဖြင့် ထူးခြားလေးနက်လျက်ရှိသည်။

ထိုသို့လေးနက်သောအခါသမယတွင် ဗုဒ္ဓဘာသာ မြန်မာတစ်ဦးအနေဖြင့် မလှူဒါန်းလိုက်ရသည့်အဖြစ်မျိုး မကြုံရလေအောင်၊      အခွင့်အခါကောင်းကို လက်လွှတ်မခံရလေအောင် တတ်နိုင်သည့် အလှူဒါနကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းသွားသင့်ပေသည်။  အထူးသဖြင့်  တန်ဆောင်တိုင်ကာလတွင် လောကီ၊  လောကုတ်နှစ်ဖြာသော အကျိုးတရားများအပြင်  အဆုံးတစ်နေ့တွင် နိဗ္ဗာန်ကိုမျက်မှောက် ပြုနိုင်သည့် ကထိန်သင်္ကန်းအလှူဒါနကို မိမိတို့၏ ချွေးနှဲစာဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းသွား သင့်ပါသည်။  ထို့ကြောင့်  အလှူဒါနပွဲတော်များ ပျော်ပွဲရွှင်ပွဲများနှင့် လွှမ်းခြုံနေသော တန်ဆောင်မုန်းလကို မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ဟုပင် တင်စားရေးသားလိုက်ရပါသည်။     ။

မောင်သောင်းဝင်း(တမန်ဟောင်း)