ဆေးဖက်ဝင် မယ်ဇလီပင်

ဆေးဖက်ဝင် မယ်ဇလီပင်

 

မဲဇလီဆိုသည်မှာ  ရွက်ပေါင်းအရွက်ရှိ၍ အဝါရောင်အပွင့်များ အချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး  စသည်ကို ဟင်းလျာအဖြစ်စားသုံးပြီး အရသာခါး၍ ဆေးဖက်၀င်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင်   ဖွင့်ဆိုထားသည်။    ထူပါရုံစေတီ ကျောက်စာပေါ်၌   ရေးထွင်းထားသော မှတ်တမ်းစာအရ ရှေးယခင်က မဲဇလီပင်ကို   မည်ဇရီပင်ဟုခေါ်ရာမှ  အသံထွက်အလိုက် မယ်ဇရီဖြစ်လာသည်။  ထို့နောက် ကာလကြာသည့်အခါ မယ်ဇရီမှ မယ်ဇလီ-မဲဇလီဟု အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာခဲ့ကြသည်။     နေရာဒေသပေါ်မူတည်ပြီး   တချို့က   မဉ္စူရီပင်ဟု ခေါ်ကြသကဲ့သို့ ကချင်တိုင်းရင်းသားများက မယ်ဂျူရီပင်ဟုလည်းကောင်း၊ ရှမ်းတိုင်း ရင်းသားများက     မယ်ပဉ္စလီဟုလည်းကောင်း၊    ကရင်တိုင်းရင်းသားများက    ပီတစ်ခါလဟုလည်းကောင်း    ခေါ်ဆိုကြသည်။

မဲဇလီပင်အကြောင်းကို     ရေးလျှင် တန်ဆောင်မုန်းလ အကြောင်းကိုလည်း ချန်ထား၍မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကုန်းဘောင်ခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း မဲဇလီဖူးခူးပြီး     သုပ်စားကြသည့်    အစဉ်အလာများရှိခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်က ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းအပါတို့အား သာမည ဖလသုတ်ဟောကြားသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညတွင် ဆီးနှင်း၊  မြူ၊ တိမ်၊ သူရိန်၊ မီးခိုး ငါးမျိုးကင်းစင်နေသောကြောင့်  ထက်ကောင်း ကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ် တာရာ  တစ်စုံထွန်းလင်းနေသည်။     မပီ ဝိုးတဝါးသေးမွှားသည့်  ကြတ္တိကာကြယ်ခေါ်  ဖျောက်ဆိပ်ကြယ်စုလေးများလည်း လင်းလက်ခွင့်ရသည့် ညတစ်ညဖြစ်သည်။    မဇ္ဈိမဒေသမှလာသော    သာရကောမုဒိ ဆေးကျမ်းအရ  တန်ဆောင်မုန်းလပြည့်ညသန်းခေါင်ယံ လမင်းကြီးဝိုင်းစက်ပြည့်ဝန်းနေစဉ်       ကြတ္တိကာနက္ခတ်နှင့်       စန်းယှဉ်၍  ပုဏ္ဍာတိထီ  (ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင်အပေါင်းကို    စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းကြီးထံ လာရောက်ခစားကြသည်ဟု ဆိုသည်။

ထို့ကြောင့်   ထိုအချိန်တွင်  မဲဇလီကို ဆေးဖက်ဝင်အောင်စီရင်ခြင်းသည် အချိန်အခါကောင်းတစ်ရပ်ဟု    ဆိုနိုင်သည်။ ထိုသို့စီရင်ရာတွင်လည်း လမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဘက်သို့ ထွက်နေသော မဲဇလီအဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊  အခေါက်၊   အသီးတို့ကို   စုံလင်အောင်ဆွတ်ခူး၊ တူးယူပြီး ထိုညတွင် အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရသည်။ ကျန်သောအမြစ်၊   အခေါက်၊   အသီးတို့ကို နေရိပ်တွင် အခြောက်လှန်း၊ အမှုန့်ပြုလုပ်၍ နေ့စဉ်စားသုံးပေးရမည်။   ဤသို့စားသုံးလျှင် ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည်စေကြောင်း၊ ဘုန်းကြီး၍ ဉာဏ်ပညာထက်မြက်ကာ  ကျက်သရေ မင်္ဂလာအပေါင်းနှင့်  ပြည့်စုံစေကြောင်းယုံကြည်ကြသည်။    ထို့ကြောင့်လည်း    တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အမြင့်ဆုံး၊  အစွမ်းထက်ဆုံးအချိန်ဟုသတ်မှတ် ပြီး      တိုင်းရင်းဆေးဆရာကြီးများက ဆေးဝါးမျိုးစုံ ဖော်စပ်လေ့ရှိကြသည်။

မဲဇလီနှင့်ကျန်းမာရေး

ရုက္ခဗေဒအမည်အရ Cassia siamea Linn   မျိုးရင်းဖြစ်သည်။    ၁၀၀   ဂရမ်အလေးချိန်ရှိသည့် မဲဇလီဖူးနှင့်အရွက်တို့ကို ဆေးသိပ္ပံနည်းအရ  ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ကယ်လိုရီ ၁၀၀၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဂရမ်၊  ကစီ ဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ မီလီဂရမ်၊ ဗီတာမင် A  အိုင်ယူ ၁၄၅၀၀၊ ဗီတာမင် B1 သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင် B2 သုည ဒသမ ၆၉ မီလီဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင် C  ၁၀၁  မီလီဂရမ်  စသည်တို့   အသီးသီးပါရှိကြ သည်။ ထို့ပြင် ဟင်းသီးဟင်းရွက်များတွင် ရှားရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင်  Glycosides၊  Terpenoids၊  Tannins၊  Saponins၊  Flavonoids  နှင့်  Steroids များလည်း ပါဝင်သည်။

-  ချို၊ ဆိမ့်၊ ဖန်  အရသာသုံးမျိုးရောပြွမ်း၍      ခါးသက်သက်အရသာလွှမ်းမိုးသော  မဲဇလီတွင်  အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ်ပူးတွဲ ပါရှိနေသောကြောင့်   ရှေးတိုင်းရင်းသမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ်  အိပ်မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှူပြွန်ချောင်းရောင်ခြင်း၊  ချောင်းခြောက်ဆိုးခြင်း စသည့် ရောဂါများအတွက်  ကုသပေးခဲ့ကြသည်။

- အိန္ဒိယနိုင်ငံ၌  ကာလသားရောဂါကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိသည်။

- သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်စားပါက    နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်သည်။

- ပါးစပ်အတွင်း      အပူထွက်ခြင်း၊ သွားဖုံးရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့်အပွင့်ကို   ခပ်ကျကျပြုတ်၍ ငုံပေးပါက  သက်သာပျောက်ကင်း နိုင်သည်။

- မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကိုသွေး၍ မျက်စိတစ်ဝိုက်ကွင်းပေးပါ။

- ကနခိုစေ့စား၍   ဝမ်းသွားလွန်ခြင်းအတွက်  မဲဇလီမြစ်ကို  ထန်းလျက်နှင့်ပြုတ်၍     သောက်ပေးခြင်းဖြင့် ဝမ်းရပ်တန့်ပါလိမ့်မည်။

-  ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာခြင်းတို့အတွက်       မဲဇလီရွက်နှင့် မုရားကြီးရွက်တို့ကို     ဆတူရော၍ သုံးခွက်တစ်ခွက်တင်ကျိုပြီး  ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။

- ကလေးများ ဝမ်းဗိုက်အတွင်း သန်ကောင်ထပါက   မဲဇလီရွက်  လတ်လတ်ဆတ်ဆတ်ထောင်းရည် (သတ္တုရည်) နှင့် သံပရာရည် ရောစပ်တိုက် ပေးခြင်းဖြင့် သန်ကျစေနိုင်သည်။

-ဝမ်းချုပ်ပြီး  စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍  တို့စရာအဖြစ်စားပေးပါက ဝမ်းမှန်၍ လေသက် စေနိုင်သည်။

-  ကင်း၊ ပုရွက်ဆိတ် စသည့်အဆိပ်ရှိသတ္တဝါများ အကိုက်ခံရပါက မဲဇလီရွက်ကိုကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေသည်။

- နှင်းခူအစိုအတွက်  မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍   နှင်းခူပေါ်အုံခြင်း၊   မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးခြင်းတို့ ပြုလုပ်ပေးပါ။

- အမျိုးသမီးများ  မျက်နှာပေါ်တွင် မီးယပ်ကွက်      ထွက်ခြင်းအတွက် မဲဇလီပွင့်  သို့မဟုတ်  အရွက်ကို အခြောက်လှန်း၊ အမှုန့်ကြိတ်၍ ရေနှင့်ဖျော်ပြီး လိမ်းပေးပါ။

-  မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို  အခြောက်လှန်း၊ အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့်ရောစပ်စားပေးပါက သွေးသားသန့်စင်၍  အားအင် ပြည့်ဖြိုးစေသည်။

- မဲဇလီဖူးတွင်ပါရှိသော    သဘာဝအခါးဓာတ်က အသည်းအားကောင်းစေသည်။

- အစာခြေစနစ်ကို  ကောင်းမွန်စေရုံသာမက ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာစေသည်။

- ခန္ဓာကိုယ်အတွက်လိုအပ်သော   ပရိုတင်းဓာတ်ကို     ဖြည့်တင်းပေးပြီး ကိုယ်ခန္ဓာကြီးထွားမှုကို ကောင်းစွာ အထောက်အပံ့ပေးသည်။

- အူမကြီးကို ကောင်းစွာအလုပ်လုပ်စေသောကြောင့် ဝမ်းပျော့ပျော့သွား စေသည်။ ထို့ပြင် အူမကြီးနှင့် အူသိမ်၊ အူမများထဲရှိ    တုတ်ကောင်၊     သန်ကောင် စသည့်ကပ်ပါးကောင်များကို ဖယ်ရှားပေး၍    အူကိုသန့်စင်စေသည်။

- ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုသည်။

- သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်သစ်များကို တိုးပွားစေသောကြောင့် သရက်ရွက်ကို ကျန်းမာစေသည်။

- မဲဇလီဖူးတွင်ပါရှိသော    သဘာဝအဆီဓာတ်က    ခန္ဓာကိုယ်ထဲရှိ မကောင်းသောဓာတ်များကို လောင်ကျွမ်းစေသည်။

- အစွမ်းထက်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ပိုလီဖီနောဓာတ် များပါရှိသဖြင့်  ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်သင်ဖယ်ရှားပေးသောကြောင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါများ မဖြစ်စေနိုင်ပါ။

- မဲဇလီဖူးတွင်ပါရှိသော      သတ္တုဓာတ်ပေါင်းစုများက      သူငယ်နာ အရိုးပျော့ရောဂါကို  ကာကွယ်ပေး သောကြောင့်      မွေးဖွားလာသော ကလေးများတွင်     ပိုလီယိုရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် သည့်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မဲဇလီဖူးကို   မဖြစ်မနေစားသုံးသင့်သည်။

- ဓာတ်ခွဲစမ်းသပ်ချက်များအရ မဲဇလီအဖူး၊ အရွက်၊ အပွင့်ထဲတွင်ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင်ပါရှိသော   အာဟာရဓာတ်များနှင့် အလားတူသည်ဟု သိရသည်။

ဆေးဖက်ဝင် မဲဇလီဖူးသုပ်

တန်ဆောင်မုန်းလပြည့်ည ဆေးပေါင်းခချိန်တွင် မဲဇလီဖူးသုပ်စားခြင်းသည် တစ်နှစ် တာကာလပတ်လုံး   ကျန်းမာချမ်းသာ ဘေးဘယာကင်းဝေးစေနိုင်သောကြောင့် ရှေးထုံးကိုမပယ်သည့်အနေဖြင့်  ညသန်းခေါင်ယံတွင် အရွက်တစ်ညွန့် သို့မဟုတ် အဖူးတစ်တွဲကို အပင်မှဆွတ်ခူး၊ ရေဆေးပြီး ထောင်းနယ်၍   ညဦးပိုင်းက  ကြိုတင်

သုပ်ထားသည့် မဲဇလီဖူးသုပ်ထဲသို့ ရောမွှေကာ စားသုံးသင့်သည်။

- မဲဇလီဖူးသည်    နုသည့်အချိန်တွင် အစိမ်းဖျော့ရောင်ဖြစ်ပြီး ရင့်သည့် အခါ အညိုရောင်ပြောင်းသွားတတ် သည်။ ထို့ကြောင့် အစိမ်းဖျော့ရောင် အဖူးများကို ရွေးချယ်ပါ။

- မဲဇလီဖူးကို  အစိမ်းရည်များ ထွက်လာသည်အထိပြုတ်ပြီး    ရေအေး တွင် စိမ်ထားပါ။

- ပြီးလျှင်  ပါးပါးလှီးပါ  သို့မဟုတ် အဖူးများကို    လေးစိတ်ကွဲအောင် မညက်တညက်ထောင်းပါ။

- ဇလုံကြီးတစ်ခုထဲတွင်     ထောင်း ထားသည့် မဲဇလီဖူးများထည့်၍   ဆီချက်(ဆီ)၊ ပါးပါးလှီးထားသည့် ကြက်

သွန်နီ၊    ပုစွန်ခြောက်မှုန့်၊    မြေပဲထောင်းမှုန့်၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့် တို့ကိုရောနယ်ပါ။

- ပြီးလျှင် သံပရာသီးညှစ်ထည့်ပါ။

- ဆီချက်အဖတ် (ကြက်သွန်နီဆီချက်အဖတ်) ဖြူး၍စားပါ။

အချုပ်အားဖြင့်ဆိုသော်    တစ်နှစ်မှ တစ်ကြိမ်သာ တွေ့ကြုံနိုင်သည့်    မြန်မာတို့၏     တန်ဆောင်မုန်း လပြည့်ညတွင် မိသားစုပျော်ရွှင်စွာဝိုင်းဖွဲ့ကာ    မဲဇလီဖူးသုပ်စားရင်း  ရောဂါဘယ ကင်းဝေးကြပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါသည်။                           

                              ပေါက်ပေါက်