မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ငန်းတောင်ရွာတွင် ကျွန်တော် တည်းခိုနေထိုင်ရန်အတွက် အဘိုးအို လင်မယားအိမ်မှာပဲ ငန်းတောင်ရွာ ပြည်သူ့ကောင်စီဥက္ကဋ္ဌက စီစဉ်ပေးသည်။ အဘိုးအို၊ အဘွားအိုတို့မှာ သားသမီးများ အိမ်ထောင်ကျသွားကြ သည့်အပြင် လယ်ထဲယာထဲမှာ အလုပ်လုပ်နေကြ၍ အိမ်ပေါ်တွင် မရှိကြတော့ပေ။ အိမ်သန့်သန့်၊ အနေသန့်သန့်ဖြစ်၍ ကျောင်းဆရာအတွက် အဆင်ပြေနိုင်သည်ဆိုပြီး စီစဉ်ပေးခြင်းပင်ဖြစ်ပေသည်။
ယနေ့ ကျွန်တော် ရန်လိုဟင်းတစ်ခုတည်းဖြင့် ထမင်းစားပြီး ကျောင်းလာခဲ့၏။ ရန်လိုဟင်းဆိုသည်မှာ တခြားမဟုတ်ပါ။ ရခိုင်ငရုတ်သီးချက်ဟင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ရခိုင်ကျွန်းစဉ်ဒေသတွင် မီးဖို ချောင်သုံးပစ္စည်းများအနက် ငရုတ်သီးခြောက်ကိုလည်း ဝမ်းစာအဖြစ် သိုလှောင်ထားတတ်ကြသည်။ ယင်းခေတ် ယင်းအချိန်က ရွာတွေမှာ ဈေးဟူ၍မရှိ။ ငါးဟင်းတွေကို ကိုယ်တိုင်ရှာစားရသည်။ အဘိုးအိုလင်မယားမှာ အိုမင်းနေကြပြီမို့ ကိုယ်တိုင်လည်း မရှာနိုင်ကြ။ ဒီအထဲ ကျောင်းဆရာတည်းဟူသော ဧည့်ကောင်းစောင် ကောင်းကလည်း အိမ်ပေါ်ရောက်နေပေရာ အဘိုးအိုလင်မယားခမျာ အထူးတာဝန်ကြီးလှပေ သည်။ နေ့စဉ်ပဲ ငါးဟင်းပုံမှန်ချက်ပြုတ်နိုင်ရေးအတွက် လွန်စွာပင်ပန်း ကြောင်း ကျွန်တော်မြင်နေရသည်။
ဒီနေ့မှာတော့ ချက်စရာဟင်းက ကိုင်ပြစရာဘာမျှမရှိ။ အဘွားကြီးသည် စဉ်းစားရင်း အကြံရသွားပုံပေါ်သည်။ ငရုတ်သီးခြောက်ထည့် ထားသည့်ဇလားထဲသို့ အဘွားကြီးလက် ချက်ချင်းရောက်သွား၏။ လက်ဝါးပြင်တွင် ဆုပ်ကိုင်ပြီး ငရုတ်သီးခြောက်တစ်ဆုပ်ပါလာသည်။ ဆန်တီးပြာသည့် ဆန်ကောပေါ်သို့ ဖြန့်ချလိုက်ရာ ငရုတ်သီးခြောက်များ ကစဉ့်ကလျားပြန့်ကြဲသွားသည်။ အဘွားကြီးသည် ငရုတ်သီးခြောက် များကို တစ်တောင့်ချင်းကောက်ယူကာ အညှာကိုခြွေပစ်ပြီး အသီးတောင့်ကို ရေဇလုံထဲထည့်လိုက်၏။ အကုန်လုံး ရေဇလုံထဲရောက်ပြီးသွားချိန်တွင် အထပ်ထပ်အခါခါညှစ်ဆေး၏။ ဤသို့အလီလီပြုလုပ်ခြင်းမှာ ငရုတ်သီးခြောက်တွေ ညံ့သက်သွားစေလို၍ဖြစ်သည်။
အတန်အသင့် ရေနူးသွားပြီဟု သိလိုက်ပြီးချိန်တွင် အဘွားကြီးမှာ ငရုတ်သီးခြောက်များကို ငရုတ်ကြိတ်ခွက်ထဲ ထည့်ပြီး ကျောက်သားလုံးဖြင့် ဘယ်လှိမ့်ညာလိမ့် ဆေးကြိတ်သလို ကြိတ်တော့သည်။ ငရုတ်ကြိတ် ရာတွင် ဆားထည့်ပေးခြင်းဖြင့် ကြေညက်လွယ်စေသည်။ ဟင်းအိုးတွင် ဆားသိပ်ခတ်စရာမလိုတော့ချေ။ ငရုတ်သီးညက်လောက်ပြီဟု သတ်မှတ်ချိန်တွင် မျှင်ငါးပိကိုပါ ငရုတ်ကြိတ်ခွက်ထဲထည့်ကာ ရောကြိတ်လိုက်သည်။ ငါးပိထည့်ခြင်းမှာ အစပ်ကိုထိန်းသည့်အပြင် ဟင်းစားကောင်း၍ပင်ဖြစ်သည်။ ငရုတ်သီးကြိတ်ပြီးပါက မြေအိုးလေးတွင် ရေသင့်ရုံထည့်ပြီး ချက်ရသည်။ ဤဟင်းကို ငရုတ်သီးချက်ဟင်းဟု ကျွန်းစဉ်သားတို့ ခေါ်ကြသည်။ စပ်လွန်းသဖြင့် "ရန်လိုဟင်း" ဟုလည်း ရွှတ်ရွှတ်နောက်နောက်ခေါ်ကြပါ၏။ (ရခိုင်ကျွန်းစဉ်ဒေသတွင် ငရုတ်သီးထောင်းဆုံကို သုံးလေ့သုံးထမရှိကြပါ။ ငရုတ်ကြိတ်ခွက်နှင့် ငရုတ်ကြိတ်ကျောက်လုံးကိုသုံးပြီး ငရုတ်ကြိတ်ကြသည်။)
ငရုတ်သီးချက်ဟင်းကို ထမင်းဖြူဖြူတွင် နီရဲအောင်ဆမ်းပြီး ထမင်း နဲ့ရောနယ်လူးစားကြသည်။ အညာတွင် ပုံးရည်ကြီးကို ထမင်းနဲ့လူးစား သည်နှင့်တူလှ၏။ စပ်လွန်း၍ မျက်ရည်ထွက်ကျသည်။ ပူလွန်း၍ နှာရည်တွေယိုကျသည်။ မတတ်နိုင်လျှင် ရေအေးအေးလေးသောက်ချရသည်။ ရေအေးအေးလေးဝင်သွားတော့ နည်းနည်းနေသာထိုင်သာရှိသည်။
ကျွန်တော်၏ ထမင်းစားခုံတွင် ငရုတ်သီးချက်ဟင်းအပြင် တခြား မည်သည့်ဟင်းမှ ဟင်းရန်မပါ။ ငရုတ်သီးချက်ဟင်းက နီနီရဲရဲတစ်ခွက်တည်း။ ငရုတ်သီးချက်ဟင်းစပ်လွန်း၍ မျက်ရည်ယိုစီးလာလျှင် လက်ကို မတင်ပြီး အင်္ကျီလက်မောင်းပိတ်သားနဲ့ သုတ်ရသည်။ နှာရည်တွေယိုစီးလာလျှင် ပုဆိုးခါးစည်းကိုဖြုတ်ပြီး ပုဆိုးအထက်စနဲ့ သုတ်ရသည်။
ရှင်းရှင်းပြောရလျှင် ကျွန်တော့်မှာ ဒီနေ့ ငရုတ်သီးချက်ဟင်းနဲ့ စီးချင်းထိုးလာခြင်းပင်ဖြစ်ပေသည်။ ကျွန်တော်ကျောင်းရောက်တော့ ကျောင်းသားတွေ စာသင်ခန်းမှာ ပြည့်နေကြပေပြီ။ ငန်းတောင်ရွာမူလတန်းကျောင်းတွင် ကျောင်းသား ၁၀၀ နီးနီးလောက်ရှိပါ၏။ ကျောင်းသားများမှာ ဆရာမရောက်သေးသော်လည်း သူ့နေရာနဲ့သူ စာရေးသူရေး၊ စာဖတ်သူဖတ်နဲ့ တကယ့်အထင်ကြီးချင်စရာပါ။ လိမ္မာနေလိုက်ကြပုံများ အားရစရာကောင်းသလို အံ့ဩစရာလည်း ဖြစ်ပါပေသည်။
သူတို့လေးတွေ ဤသို့ နေသားတကျလေးနဲ့ ငြိမ်ငြိမ်သက်သက်လေး ရှိနေစေဖို့အတွက် ဆရာဦးဘညွန့် စာသင်ခန်းသို့ မရောက်မီ ရှေ့ထွက် သင်ဆရာအဖြစ် ရွာဆရာတော်ဘဒ္ဒန္တဇနိန္ဒက စီမံခန့်ခွဲပြီး ကိုင်တွယ် ထားသောကြောင့်ပင် ဖြစ်ပေတော့သည်တကား။ ကျောင်းဆောင်မှာလည်း အစိုးရစာသင်ကျောင်းဟူ၍မရှိသေး။ ဘုန်းတော်ကြီးကျောင်းကိုပဲ စာသင်ကျောင်းအဖြစ်အသုံးပြုသင်နေရချိန်ဖြစ်သည်။ ကျောင်းမှာဆောက်လုပ်ပြီး စဖြစ်နေ၍ ပျဉ်ခင်းပင်မရသေး။ ဝါးကြမ်းခင်းကလေးနဲ့ အိလျော့အိလျော့ဖြစ်နေ၏။
ကျွန်တော့်မှာ ကျောင်းသို့ရောက်သည်ဆိုလျှင် မနားရတော့ပေ။ သူငယ်တန်းမှ စတုတ္ထတန်းအထိ တစ်တန်းဝင်တစ်တန်းထွက် သူ့အတန်းနှင့်သူ့ဘာသာရပ် တရစပ်သင်ပြရတော့သည်။ စာသင်ခြင်းလုပ်ငန်းကို ၁၀ နာရီမှစသင်ပြီး မွန်းလွဲ ၁ နာရီတွင် မုန့်စားချိန်အဖြစ်နားသည်။ မွန်းလွဲ ၂ နာရီတွင် ကျောင်းပြန်တက်ရပြီး ညနေ ၄ နာရီတွင် ကျောင်းပြန်လွှတ်သည်။
"ရော့ ကျောင်းဆရာ မနားမနေ စာသင်ပြရတာ ပင်ပန်းတယ်၊ ဒီမှာ လာနား"ဆရာတော်ကိုယ်တိုင် သူ့ကျောင်းဝင်းထဲက ခြံထွက်သီးနှံတွေကို လာကျွေး၏။ ထိန်ထိန်ဝင်းပြီး ပင်မှည့်ငှက်ပျောခိုင်ကြီးကို ကျွန်တော် နားနေရာ သပေါ့ဖျာအနီးတွင် တွဲလောင်းဆွဲပေးထား၏။ ရွာသားတွေ မုန့်ပဲသရေစာ လာလှူလျှင်လည်း ကျွန်တော့်အတွက် သီးသန့်ချန်ထားပြီး မုန့်စားဆင်းချိန်မှာ ကျွေးသည်။
"ဟေ့ ဒကာမတွေ ခဏလာကြပါဦး"
ကျောင်းဝင်း ရေတွင်းနားမှာ ရေလာခပ်နေကြသော ရွာသူများကို ဆရာတော်လှမ်းခေါ်လိုက်၏။
"ကျောင်းမှာ နှီးတောင်းကြီးနဲ့ထည့်ထားတဲ့ ကောက်ညှင်းစပါးတွေ ရှိတယ်။ အဲဒါဒကာမတို့ယူပြီး ထောင်းဖွပ်ကြပေါ့ဗျာ၊ အဲဒီ ကောက်ညှင်း ဆန်ကို ကောက်ညှင်းထမင်းဖြစ်ဖြစ်၊ မုန့်ဖြစ်ဖြစ် တစ်ခုခုလုပ်ကြနော်၊
ကျောင်းဆရာကို ကျွေးရမယ်၊ ကျောင်းဆရာခမျာ တစ်ကျောင်းလုံး ကလေးတွေကို အတန်းစုံတစ်ယောက်တည်း စာသင်ပြရတာ အရမ်းပင်ပန်းတယ်"
ဆရာတော်သည် ကျောင်းမှာ မုန့်ပဲသရေစာ စားစရာတွေအသင့်မရှိ လို့ ကျွန်တော့်ကို မစွန့်ရလျှင် ဤသို့ ဤနှယ်စီစဉ်ပြီး ကျွန်တော့်အတွက် အဆာပြေကျွေးမွေးတတ်သည်။ (ဆရာတော်မှာ ၂၀၁၄ ခုနှစ်တွင် ပျံလွန် တော်မူသွားပြီဟု သိရပါသည်။ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ ကောင်းရာ ဘုံဘဝရောက်ရှိနိုင်ပါစေ။
ဆက်လက်ဖော်ပြပါမည်။