မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း အများစု လာမည့်နှစ် ဖေဖော်ဝါရီလတွင် စတင်လေ့ကျင့်ရန် စီစဉ်

လာမည့် ဘောလုံးရာသီသစ်အတွက် မြန်မာနေရှင်နယ်လိဂ်   ကလပ်အသင်း အများစုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာအသင်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဒီဇင်ဘာ ၃ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည့် လိဂ်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ   မြန်မာနေရှင်နယ်လိဂ် အနေဖြင့်  COVID-19 ရောဂါအခြေအနေပေါ် မူတည်၍ လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို  ၂၀၂၁  ခုနှစ်  ဧပြီလမှ စက်တင်ဘာလအထိ ကျင်းပရန်လျာထားရာ  ကလပ်အသင်းအများစုသည် ဖေဖော်ဝါရီလတွင် စတင်လေ့ကျင့်ရန် ပြင်ဆင်နေပြီး အသင်းတချို့မှာ    ယင်းကာလထက် နောက်ကျဖွယ်ရှိကြောင်း သိရသည်။

ကျွန်တော်တို့ အသင်းအနေနဲ့ လေ့ကျင့်မယ့်ကာလကိုတော့ လာမယ့်နှစ် ဖေဖော်ဝါရီလလို့   အကြမ်းဖျင်းသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျင်းပမယ့်   လိဂ်ကော်မတီအစည်းအဝေးပေါ် မူတည်ပါတယ်။  မြန်မာနေရှင်နယ်လိဂ်က လာမယ့်နှစ် ဧပြီလမှာ စမယ်ဆိုပေမယ့် ရက်အတိအကျမသိရသေးပါဘူး။ ရက်အတိအကျ သိရပြီဆိုရင်တော့  လေ့ကျင့်မယ့်ရက်ကိုလည်း အတိအကျသတ်မှတ်နိုင်မှာဖြစ်ပါတယ်ဟု ဧရာဝတီယူနိုက်တက်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လာမည့်နှစ်ဘောလုံးရာသီ လိဂ်-၂ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် မေလမှ သြဂုတ်လအထိ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာလအထိ ကျင်းပရန်လျာထားကြောင်း  လိဂ်ကော်မတီမှ  ထုတ်ပြန်ခဲ့သော်လည်း  COVID-19 ရောဂါအခြေအနေပေါ်မူတည်၍   ပြိုင်ပွဲကာလများ အပြောင်းအလဲရှိနိုင်ကြောင်း   ထုတ်ပြန်ချက်တွင်ပါရှိသည်။

လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းအရေအတွက်ကို  ၂၀၂၁  ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ ထပ်မံကျင်းပမည့်  လိဂ်ကော်မတီအစည်းအဝေးတွင်   အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း  မြန်မာနေရှင်နယ်လိဂ်  မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်းကပြောသည်။

COVID-19 ရောဂါအခြေအနေကြောင့် လိဂ်-၂ ပြိုင်ပွဲကို ပြီးဆုံးအောင် မကျင်းပနိုင်သောကြောင့်   လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် တန်းတက်၊ တန်းဆင်းအသင်းများကို လက်ရှိအချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

လိဂ်-၂  အမှတ်ပေးပြိုင်ပွဲကို ပထမအကျော့ပွဲစဉ်များ  အပြီးထိသာ ကျင်းပနိုင်ခဲ့ပြီး    ဂျူနီယာလိုင်းယွန်းအသင်းက အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။                    

ကိုရဲ