AFC Cup ပြိုင်ပွဲတွင် အကောင်းဆုံးရပ်တည်နိုင်ရေး ကြိုးစားမည့် လူငယ်ကစားသမား ရဲရင့်အောင်

ရတနာပုံအသင်းမှ ဟံသာဝတီယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့မယ့် နောက်တန်းလူငယ်ကစားသမား ရဲရင့်အောင်နဲ့ အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရတနာပုံအသင်းနဲ့ လမ်းခွဲဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော် ရတနာပုံအသင်းနဲ့လမ်းခွဲခဲ့တာ အသင်းကို မခင်တွယ်လို့တော့ မဟုတ်ပါဘူး။ အဲဒီမှာ ငါးနှစ်ပေးဆပ်ပြီး ကစား

ခဲ့တယ်။ အထိုက်အလျောက်အောင်မြင်မှုလည်း ရခဲ့သလို   ဒီငါးနှစ်တာကာလမှာ အမှတ်တရများစွာလည်း  ရှိခဲ့ပါတယ်။ ကျွန်တော်အရမ်းပျော်ခဲ့ရတဲ့  အသင်းဖြစ်သလို အရမ်းလည်း မိသားစုဆန်တဲ့ အသင်းပါ။ ဒါကြောင့်  အသင်းနဲ့ လမ်းခွဲခဲ့တဲ့အပေါ် စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ ရတနာပုံအသင်းက ကျွန်တော့်ကို အကယ်ဒမီကစားသမားကနေ ယုံယုံကြည်ကြည်နဲ့ အသင်းကြီးကို ခေါ်ခဲ့တယ်။ ဒီလိုမျိုး ကျွန်တော်ရပ်တည်လာနိုင်အောင် ရတနာပုံအသင်းကပဲ ပံ့ပိုးကူညီပေးခဲ့တာပါ။ ဒီအတွက်လည်း ကျွန်တော် ရတနာပုံအသင်းကို ကျေးဇူးတင်ပါတယ်။  ရတနာပုံအသင်း ပရိသတ်တွေကလည်း မိသားစုတွေလိုပဲ    နွေးနွေးထွေးထွေးနဲ့   အားပေးခဲ့တယ်။ ဒီအရာတွေအတွက်လည်း    သူတို့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။

ဟံသာဝတီယူနိုက်တက် အသင်းကို ဘာကြောင့် ပြောင်းရွှေ့ဖြစ်ခဲ့တယ် ဆိုတာလည်း ပြောပြပေးပါဦး။

ဟံသာဝတီယူနိုက်တက်အသင်းက ကျွန်တော့်ကို လိုလိုချင်ချင်နဲ့ တရားဝင်လာပြီး ကမ်းလှမ်းတာပါ။ ပြီးတော့ AFC Cup  ပြိုင်ပွဲလည်း  ကစားချင်တယ်။ ပြည်ပနောက်ခံကစားသမားတွေနဲ့ တွဲကစားရမှာဆိုတော့ ကျွန်တော့်ရဲ့ တိုးတက်မှု အတွက် အထောက်အကူ ဖြစ်နိုင်မယ်လို့ ထင်တယ်။ ဒီလိုပြောလို့ မြန်မာကစားသမားတွေကို မကောင်းပြောတာ မဟုတ်ပါဘူး။ ပြည်ပကစားသမားတွေပါတော့ ပိုပြီးအားကောင်းတာပေါ့။   အောင်မြင်မှုတွေလည်း ရချင်ပါတယ်။ ဟံသာဝတီယူနိုက်တက် အသင်းမှာ လက်ရွေးစင် အဆင့်ရှိတဲ့ နာမည်ကြီးကစားသမားတွေ အများကြီးမရှိဘူး။   ပြီးခဲ့တဲ့ ရာသီကလည်း သူတို့ရဲ့ကြိုးစားမှုကြောင့် ဒီလိုရပ်တည်လာနိုင်တယ်။   အသင်းက စည်းလုံးတယ်။ ကျစ်လျစ်တယ်။ ဟံသာဝတီယူနိုက်တက် အသင်းရဲ့   ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့် ပြောင်းဖြစ်ခဲ့တာပါ။

နည်းပြချုပ်  ဦးမျိုးမင်းထွန်းအပေါ် အမြင်ကရော ဘယ်လိုရှိမလဲ။

အခုလက်တွဲရမယ့် နည်းပြချုပ် ဦးမျိုးမင်းထွန်းကလည်း အရမ်းကိုတော်တဲ့ နည်းပြတစ်ယောက်ပါ။ ကစားသမားတွေကို လည်း ကောင်းကောင်းကိုင်တွယ်နိုင်တယ်။ ရလဒ်ကောင်းတွေလည်း ရယူနိုင်တယ်။ အပြောနဲ့အလုပ်လည်း   ညီတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် သူကအကောင်းဆုံး ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဟံသာဝတီယူနိုက်တက် အသင်းနဲ့အတူ ရည်မှန်းချက် ဘယ်လောက်ထိထားထားလဲ။

ကျွန်တော် ဟံသာဝတီယူနိုက်တက် အသင်းနဲ့အတူ ရည်မှန်းထားတာတွေကတော့ AFC Cup ပြိုင်ပွဲကစားရမယ် ဆိုတော့ အဲဒီပြိုင်ပွဲမှာ နေရာတစ်ခုရအောင် ကြိုးစားမယ်။  မြန်မာကလပ်တွေအနေနဲ့ အကောင်းဆုံး ရပ်တည်နိုင်အောင် ကြိုးစားမယ်။ နောက်ပြီး ကျွန်တော်တို့အသင်းကို  အသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နိုင်အောင် အစွမ်းကုန် ကြိုးစားကစားသွားမှာပါ။

ပရိသတ်တွေကို နှုတ်ဆက်စကားပြောပေးပါဦး။

ဟံသာဝတီယူနိုက်တက်အသင်း ပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်တော့်ကို ယုံကြည်ပေးကြပါ။ ကျွန်တော့်အနေနဲ့ ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်အောင် ကြိုးစားပေးသွားပါမယ်။ အခက်အခဲတွေကိုလည်း   အစွမ်းကုန်ကြိုးစားပြီး ကျော်ဖြတ်သွားပါမယ်။                 

ကိုရဲ