နေပြည်တော် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ငွေကျပ် ၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်-တောင်ကြီး ကားလမ်းအတိုင်း မူူးယစ်ဆေးဝါးပမာဏအများအပြား သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအရ ယမန်နေ့ နံနက် ၆ နာရီက လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာ အနီး စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့ အမျိုးသားတစ်ဦး မောင်းနှင် လာသည့် ခြောက်ဘီး မော်တော်ယာဉ်ကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသောကြောင့် လိုက်လံပိတ်ဆို့ ဖမ်းဆီးစဉ် မိုင်းပွန်မြို့သင်္ချိုင်းအနီး၌ မော်တော်ယာဉ်ကို ယာဉ်မောင်းရဲလှိုင်ဝင်းနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ပန်းနှမ်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ငွေကျပ် ၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သန်း သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲလှိုင်ဝင်း ၅ဝ နှစ်ကို ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး သိမ်းဆည်းရမိစိတ်ကြွဆေးပြားများအား လဲချားမြို့မှ တောင်ကြီးမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။