ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းတွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်း တိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် ခွန်ကန်ယူနိုက်တက်အသင်းသို့ ရာသီဝက် အငှားစာချုပ်ဖြင့် ဒီဇင်ဘာ ၂၂ ရက်က ပြောင်းရွှေ့ခဲ့သည်။
အောင်ကောင်းမာန်သည် ခွန်ကန်အသင်း၌ လစာငွေ ဘတ်တစ်သိန်းကျော်အပြင် ပွဲထွက်ကစားခွင့် ဆုကြေး၊ ဂိုးဖန်တီးမှုနှင့် သွင်းဂိုးရရှိမှု အပိုဆုကြေးများ ထပ်မံရရှိမည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဦးရဲနိုင်ဝင်းက ပြောသည်။
အောင်ကောင်းမာန်က ခွန်ကန်အသင်းမှာ လစာနဲ့ ခံစားခွင့် အရမ်းမကွာပါဘူး။ ဒါပေမဲ့ ခွန်ကန်အသင်းက လက်ရှိ ထိုင်းလိဂ်-၂ အဆင့်(၃)နေရာမှာ ရပ်တည်နေသလို ထိုင်းလိဂ်-၁ ကို တန်းတက်ဖို့လည်း အလားအလာ ကောင်းနေပါတယ်။ ဒါကြောင့် ခွန်ကန်အသင်းရဲ့ ကမ်းလှမ်းမှုကို ကစားသမားကိုယ်တိုင်က သဘောတူလက်ခံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတော့ ရာသီဝက်အထိပဲ စာချုပ်ချုပ်ဆိုထားပေမယ့် အောင်ကောင်းမာန်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျရင် တစ်ရာသီသက်တမ်းတိုးဖို့ အကြိုသဘောတူညီထားပါတယ်ဟု ဦးရဲနိုင်ဝင်းက ပြောသည်။
အောင်ကောင်းမာန်သည် ခွန်ကန်အသင်းတွင် ကျောနံပါတ်(၁၃)ဝတ်ဆင်ကစားမည် ဖြစ်ကြောင်း အသင်းက ထုတ်ပြန်ထားသည်။ အသက် ၂၁ နှစ်အရွယ် အောင်ကောင်းမာန်သည် ယခုနှစ် ဇန်နဝါရီလက ဧရာဝတီယူနိုက်တက် အသင်းမှ ထိုင်းလိဂ်-၁ ကလပ် ထရက်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကာ သြဂုတ်လတွင် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။
ထို့ကြောင့် ခွန်ကန်အသင်းသည် အောင်ကောင်းမာန်အတွက် တတိယမြောက်ပြောင်းရွှေ့သည့် ထိုင်းကလပ် ဖြစ်လာသည်။
အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ပထမအကျော့တွင် လမ်ပန်အသင်းအတွက် ခုနစ်ပွဲကစား သုံးဂိုးသွင်းယူကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
ကိုရဲ