၂၀၂၁ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးနှင့် တွေ့ဆုံနေ

၂၀၂၁ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအကြိုအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး အသင်းနှင့် တွေ့ဆုံမည်ဖြစ်ရာ အဆိုပါခြေစစ်ပွဲ   အကြိုအဆင့် ပွဲစဉ်ကို ၂၀၂၁ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလအတွင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်    ပြိုင်ပွဲကာလများကို လျာထားခြင်းသာဖြစ်ပြီး ပြိုင်ပွဲဝင် သက်ဆိုင်ရာနိုင်ငံများ၏ COVID-19 ရောဂါ အခြေအနေပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း   အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ အာရှချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းမဲခွဲပွဲအပြီး ပြိုင်ပွဲရက်နှင့် ကျင်းပမည့်နေရာများကိုပါ အတည်ပြု ထုတ်ပြန်ဖွယ်ရှိသည်။

သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး အသင်းသည် ၂၀၁၉ အာရှချန်ပီယံလိဂ် ပြိုင်ပွဲတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အာရှဘောလုံး အဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်အရ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ    ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၁ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကို  အကြိုအဆင့်မှ  စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ အကြိုအဆင့်အောင်မြင်ပါက Play-off အဆင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကာ ယင်းအဆင့်ကို ကျော်ဖြတ်နိုင်မှသာ အာရှချန်ပီယံလိဂ် အုပ်စုအဆင့်သို့  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်းအနေဖြင့် အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲအောင်မြင်ခြင်း မရှိပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ၌ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀   ပြည့်နှစ်တို့တွင်   ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး    ခြေစစ်ပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

ကိုရဲ