သစ်များ တရားမဝင်တင်ဆောင်လာသော သစ်မှောင်ခိုလှေတစ်စင်း ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နွားမြက်ထောက်ချောင်းဝအနီး ပင်လယ်ပြင်၌ တရားမဝင်သစ်များ တင်ဆောင်လာသော လှေတစ်စင်းအား ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ငါးမန်း ဖိုက်ဘာလှေနှစ်စင်းဖြင့် တိုက်ကင်းလှည့် တာဝန်ထမ်းဆောင်နေစဉ် နွားမြက်ထောက်ချောင်းဝအနီး တောင်မှမြောက်သို့ ခုတ်မောင်းနေသော လှေတစ်စင်းအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ ထက်ထက်အောင်(၁) အမည်ရှိ တရားမဝင်သစ်မှောင်ခိုလှေ အလျား ၄၈ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၅ ပေခန့်ရှိ သစ်သားကိုယ်ထည်၊ စက်မကြီး NESSAN လေးလုံးထိုးတစ်လုံး၊ ၄၅ HP  ဂီယာဘောက်နှင့်တွဲလျက် သစ်အခြားသားဆိုဒ်စုံ ၁၅ တန်ခန့် တင်ဆောင်လျက် လှေပေါ်တွင် တရားခံငါးဦးတို့အား ဖမ်းဆီးရမိသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများအား စစ်ဆေးမေးမြန်းချက်များအရ ထက်ထက်အောင်(၁)အမည်ရှိ သစ်မှောင်ခိုလှေပိုင်ရှင်မှာ    ကွမ်းချောင်းကျေးရွာ ကျောက်ဖြူမြို့နယ်နေ ဦးဦးတင်မြင့်နှင့် သစ်ပိုင်ရှင်မှာ  ပေါက်တောမြို့နယ်နေ ဦးမောင်ကျော်သန်းဖြစ်ပြီး  ၎င်းလှေမှာ ပေါက်တောမြို့နယ် အတွင်းမှ သစ်များတင်ဆောင်ကာ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ထွက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် တစ်ဖက်နိုင်ငံသို့ သွားရောက်ရောင်းချရန် သယ်ဆောင်ကြခြင်း ဖြစ်ကြောင်း  သိရသည်။

 သက်လွင်စိုး