အာဆင်နယ်အသင်း ယခုရာသီကုန်တွင် တန်းဆင်းရမည်ဆိုလျှင် ကစားသမားများ လစာ ၂၅ ရာခိုင်နှုန်း လျှော့ယူ ရမည်

လန်ဒန်၊ ဘောလုံး

ယခုရာသီတွင် ဆိုးရွားသော အံ့အားသင့်ဖွယ်ရာ ရလဒ်များနှင့် ကြုံနေရသည့် အာဆင်နယ်အသင်းသည်  တန်းဆင်း ဇုန် အထက် လေးမှတ်အသာ အဆင့် (၁၅) နေရာ၌  ရပ်တည်နေကာ  အကယ်၍  ရာသီကုန်တွင် တန်းဆင်း ခဲ့ရပါက နောက် ရာသီတွင် ကစားသမားများ လစာ ၂၅ ရာခိုင်နှုန်း   လျှော့ယူရမည်ဖြစ်ကြောင်း  သိရသည်။

အာဆင်နယ်အသင်းသည် အဲဗာတန်ကို ၂ ဂိုး- ၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ပွဲစဉ် (၁၄) အပြီး  ၁၄  မှတ်သာရရှိကာခု ရာသီ ခုနစ်ပွဲ ဆက်နိုင်ပွဲပျောက်၊ ရှုံးပွဲ ရှစ်ပွဲနှင့်  သွင်းဂိုး  ၁၂  ဂိုးသာရှိသည့် အတွက် ၁၉၇၄-၁၉၇၅ ဘောလုံးရာသီ နောက်ပိုင်း အဆိုးရွားဆုံးရာသီအစရလဒ် နှင့်ရင်ဆိုင်နေရပြီဖြစ်သည်။

အာဆင်နယ်သည် အင်္ဂလန်ဘောလုံး လောကတွင် ထိပ်သီးခြောက်သင်းစာရင်းဝင်ဖြစ်နေသော်လည်း လက်ရှိတွင်  ဘဏ္ဍာရေးထိခိုက်မှုတွေ့ကြုံနေရပြီး   ငွေကြေးပိုင်းအခက်အခဲများလည်းရှိနေသည်။

ထိုအခြေအနေတွင်   ဒေးလီးမေးလ် သတင်းဌာနက အာဆင်နယ်အသင်းသည်လည်း တခြားအသင်းငယ်များ နည်းတူ ကစားသမားများနှင့် စာချုပ်များထဲတွင် တန်းဆင်းရပါက လျှော့ချခံရမည့် လစာနှုန်းထားကို    ထည့်သွင်း ချုပ်ဆိုထားကြောင်းနှင့် ၂၅ ရာခိုင်နှုန်းအထိ လျှော့ချခံရမည်ဟု ထုတ်ဖော်ရေးသားခဲ့သည်။

အာဆင်နယ်အသင်းတွင် အသုံးမပြု ဘဲထားသည့် ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်အတွက် တစ်ပတ် လစာ အများဆုံးအဖြစ် ပေါင်သုံးသိန်းခွဲ ပေးထားရပြီး မကြာသေးမီက စာချုပ်သက်တမ်း တိုးလိုက်သော တိုက်စစ်မှူး အူဘာမီယန်း အတွက် တစ်ပတ်ပေါင်သုံးသိန်းခွဲ၊ ကာလတိုစာချုပ်ဖြင့် ခေါ်ထားသည့် ဝီလျံအတွက် တစ်ပတ်ပေါင် ၂၂ဝဝဝဝ၊ ပုံမှန် ပွဲထွက်ခွင့်မရသည့် တိုက်စစ်မှူး လာကာဇက်တီအတွက် တစ်ပတ်လစာ အဖြစ်  ပေါင် ၁၈ဝဝဝဝ ပေးထားရကာ တစ်သင်း လုံးတွင် တစ်နှစ်ပေးချေရသော လစာသည် ပေါင်သန်း ၁၅ဝ ကျော်ရှိ နေသည်။

နောက်ဆုံး ပရီးမီးယားလိဂ် ခုနစ်ပွဲတွင် နှစ်မှတ်သာရခဲ့သည့် အာဆင်နယ်အသင်းသည် ဆိုးရွားနေသော အခြေ အနေများ ကိုပြင်ဆင်၍  ရုန်းထွက်နိုင်ခြင်းမရှိပါက  တန်းဆင်းရနိုင်ဖွယ်ရှိကြောင်း သိရသည်။