ရုရှားနိုင်ငံမှထုတ်လုပ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို နိုင်ငံအတွင်း စမ်းသပ် ကုသရန်စီစဉ်နေသည့် ဖိလစ်ပိုင်

ရုရှားနိုင်ငံမှထုတ်လုပ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ယခုနှစ် အောက်တို ဘာလတွင် လူနာများအား စမ်းသပ်ကုသရန် စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ထုတ်လုပ်ခဲ့သော ရုရှား နိုင်ငံမှ ဂါမာလီယာသုတေသနအဖွဲ့ဖြစ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ကာကွယ် ဆေးထိုးခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကာ နောက်တစ်ရက် သြဂုတ် ၁၃ ရက်တွင် ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် ရုရှားနိုင်ငံက ကာကွယ်ဆေး ထုတ်လုပ် ရန်ကြိုးပမ်းနေခြင်းအပေါ် ဖိလစ်ပိုင်သမ္မတဒူတာတေက အစောပိုင်းတွင်လည်း ချီးကျူး စကားဆိုခဲ့ပြီး ကာကွယ်ဆေးစမ်းသပ်ကုသမှုတွင် ဖိလစ်ပိုင်က ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားထားပြီးဖြစ်သည်။ အကယ်၍ ဖိလစ်ပိုင်အနေဖြင့် ရုရှားနိုင်ငံမှ ထုတ်လုပ်ထားသည့်အဆိုပါကာကွယ်ဆေးကို စမ်းသပ်ကုသခွင့်ရမည်ဆိုပါက ဒူတာတေ ကိုယ်တိုင် ၂၀၂၁ ခုနှစ် မေလအစောပိုင်းတွင် ကာကွယ်ဆေးထိုးခြင်း ခံယူမည်ဖြစ်ကြောင်း   ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရောဂါတိုက်ဖျက်ရေးတွင် ရုရှားနိုင်ငံက လုပ်ဆောင်နေသည့် လေ့လာမှုများနှင့်  ကာကွယ် ဆေးထုတ်လုပ်မှုအပေါ်ယုံကြည်မှုရှိကြောင်း၊  ရုရှားနိုင်ငံမှထုတ်လုပ်မည့်ကာကွယ်ဆေးသည် လူသားများအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်းသြဂုတ် ၁၀ ရက် နှောင်းပိုင်းတွင် ရုပ်သံမှတစ်ဆင့် ပြောကြားသည့်မိန့်ခွန်း၌ ဒူတာတေက ထည့်သွင်း ပြောကြားထားသည်။ ထို့ပြင် ကာကွယ်ဆေးစမ်းသပ်ကုသခြင်း၊ ဖြန့်ချိခြင်းနှင့် ထုတ်လုပ် ခြင်းတို့တွင် ဖိလစ်ပိုင်က ရုရှားနှင့်ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဒူတာတေ၏ရုံးမှ ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်တွင် ကာကွယ်ဆေးစမ်းသပ်မှုအဆင့်(၃)ကို ယခုနှစ်အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် မတ်လအထိ ဆောင်ရွက်မည်ဖြစ်သော်လည်း ဒူတာတေသည် ကာကွယ်ဆေးရရှိရေးအတွက်   အလွန်စိတ်အား ထက်သန်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေး ထုတ်လုပ် နိုင်ပါက ဖိလစ်ပိုင်နိုင်ငံအား ဦးစားပေးနိုင်ငံအဖြစ် အဆိုပါကာကွယ်ဆေးအသုံးပြုခွင့်ပေးရန် ဒူတာတေက တရုတ်အစိုးရအား ဇူလိုင်လအတွင်းက တောင်းဆိုထားသည်။

ကမ္ဘာ့နိုင်ငံအများအပြားက ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်သူ့ထက်ငါ အပြိုင်ကြိုးပမ်းနေစဉ် ရုရှားနိုင်ငံက ယင်းနိုင်ငံအားလုံးကိုကျော်၍ ကာကွယ်ဆေးထုတ်လုပ်ရန် ခွင့်ပြုချက်ရရှိခဲ့ သည့် ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာသည်။ ယင်းနိုင်ငံသည် ကာကွယ်ဆေးထုတ်လုပ်ရန်   သြဂုတ် ၁၂ ရက်တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါကာကွယ်ဆေးကို ယခင်ဆိုဗီယက်ယူနီယံခေတ်က ကမ္ဘာပေါ်၌အာဏာသသို့ ပထမဆုံးအကြိမ် လွှတ်တင်ခဲ့ သည့် ဂြိုဟ်တု၏ အမည်ကို ဂုဏ်ပြုသည့်အနေဖြင့် Sputnik V ဟု အမည်ပေးရန် စီစဉ်ထားသည်။ အဆိုပါကာကွယ်ဆေးသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ခုခံနိုင်စွမ်းရှိပြီး  ရောဂါကူးစက်ခြင်းမှ အနည်းဆုံးနှစ်နှစ်ကြာ ကာကွယ်ပေးနိုင်မည်ဟု ဆေးဝါးကျွမ်းကျင် သူများက ပြောကြားထားသည်။

ရုရှားနိုင်ငံသည် အဆိုပါကာကွယ်ဆေးကို စမ်းသပ်ရာတွင် အဆင့်နှစ်ဆင့်ကို  အောင်မြင်စွာ ကျော်ဖြတ်ထားနိုင်ပြီး တတိယအဆင့် စမ်းသပ်မှုများကို ရုရှား နိုင်ငံအတွင်းသာမက ဖိလစ်ပိုင်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု စသည့်နိုင်ငံတို့၌လည်း  မကြာမီ စတင်လုပ်ဆောင်ရန် စီစဉ်ထားသည်။

ရုရှားအနေဖြင့် အဆိုပါ ကာကွယ်ဆေးပထမအသုတ်ကို လာမည့်ရက်သတ္တပတ်များတွင်  နိုင်ငံအတွင်းရှိ ဆေးရုံများသို့ ထောက်ပံ့ပေးမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ၂၀၂၁ ခုနှစ်  ဇန်နဝါရီ ၁ ရက်မှစ၍ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး ပထမ ၁၂ လအတွင်း၌ပင်  ကာကွယ် ဆေးအလုံးရေ သန်း ၅၀၀ အထိ ထုတ်လုပ်နိုင်ရန် ရုရှားကျန်းမာရေး အာဏာပိုင်များက မျှော်လင့်ထားသည်။

ပြည်တွင်းရှိ ကာကွယ်ဆေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး နောက်ပိုင်းမှသာ ရုရှား အနေဖြင့် တခြားပြည်ပနိုင်ငံတို့သို့ တင်ပို့မည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။

အဆိုပါကာကွယ်ဆေးကို ဖိလစ်ပိုင်တွင် စမ်းသပ်ကုသမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ တချို့ကျွမ်းကျင်သူများကြား စိုးရိမ်မကင်းဖြစ်လျက်ရှိပြီး အစိုးရအနေဖြင့် ကာကွယ်ဆေး စမ်းသပ်ကုသမှုကို စည်းကမ်းထိန်းချုပ်ထားသည့် လုပ်ငန်းစဉ်မှတစ်ဆင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး မာရီယာရိုဆာရီယိုဗာဂီးယားက ပြောသည်။

သို့ရာတွင် ရုရှားနိုင်ငံမှ ထုတ်လုပ်ထားသည့် Sputnik V ကာကွယ်ဆေးအား ဖိလစ်ပိုင် နိုင်ငံအတွင်း တိုးမြင့်ဖြစ်ပွားနေသည့် ရောဂါကူးစက်မှုများကို လျှော့ချနိုင်ရေးအတွက် အစိုးရက စမ်းသပ်ကုသမည့် အလားအလာရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံအတွင်း  ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့် မနီလာမြို့တော်နှင့် အနီးတစ်ဝိုက်ဒေသ၌ တင်းကျပ်သည့် အသွားအလာ ကန့်သတ်ချက်များ ပြန်လည်ချမှတ်ရန် ဒူတာတေက ယခုလအတွင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရောဂါကူးစက်မှု အခြေအနေ  ပိုမိုဆိုးရွား လာပါက အသွားအလာကန့်သတ်ရန် အစိုးရက လက်နက်ကိုင်တပ်ဖွဲ့ဝင်များ  ဖြန့်ကြက် စီစဉ်ထားသည်။

ဖိလစ်ပိုင်၌ ရောဂါကူးစက်ခံထားရသူ ၁၄၀၀၀၀ ကျော်ရှိပြီး ၂၄၀၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ ယင်းအတွက် နိုင်ငံအတွင်း ရောဂါကူးစက်မှု ရပ်တန့်နိုင်စေရေးနှင့် လူအသေအပျောက် နှုန်းကျဆင်းရေးတို့အတွက် စမ်းသပ်ကုသရန် အစိုးရကဆန္ဒပြင်းပြနေခြင်း ဖြစ်သည်။  ဖိလစ်ပိုင်၌ ဖြစ်ပွားနေသည့် ရောဂါကူးစက်မှုများ ရပ်တန့်စေရန် ရုရှားနိုင်ငံက အကူအညီ ပေးမည်ဟု သဘောတူညီထားပြီးဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ရုရှားနိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့ပေးရန် သဘောတူထားပြီးဖြစ်သောကြောင့် ဖိလစ်ပိုင်အနေဖြင့် ရုရှားနိုင်ငံမှ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို နိုင်ငံအတွင်း  စမ်းသပ်ပြီး ရောဂါကူးစက်ခံထား ရသူများအား  လျင်မြန်စွာ ကုသပေးနိုင်မည်ဆိုပါက  မြင့်တက်နေသည့် ရောဂါကူးစက်မှုများ ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။   ။

Ref: Sputnik, ST

ဇေယျဘုန်း