နေပြည်တော်၊ ဒီဇင်ဘာ - ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ နှစ်ခြင်းခရစ်ယာန်ကျောင်း၊ အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်း အဝင်အလမ်းများအား ပြုပြင်မွမ်းမံဖောက်လုပ်ပြီးစီးသဖြင့် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ဗန်းမော်တပ်နယ်မှ ဗိုလ်မှူးကြီး သက်အောင်ဇင်၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) ဥက္ကဋ္ဌဒေါက်တာ ခလမ်ဆမ်ဆွန်၊ အတွင်းရေးမှူး(KBC) ဦးတူးမိုင်၊ သိက္ခာတော်ရဆရာတော်များ၊ သင်းအုပ် ဆရာတော်ကြီးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးကြီး သက်အောင်ဇင်က ဘုရားကျောင်းပြုပြင်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပန်မူကျေးရွာနှစ်ခြင်း ဘုရားကျောင်းဝင်း အတွင်းရှိ နှစ်ခြင်းဘုရား ကျောင်းတော်၊ အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့်ဘုရားကျောင်းအဝင် လမ်းပြုပြင်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံများကို သင်းအုပ်ဆရာတော် ဦး JM ကာမွန်ထံ လွှဲပြောင်း ပေးအပ်သည်။ ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC)ဥက္ကဋ္ဌက ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး ဆုတောင်းမေတ္တာပို့သသည်။
အဆိုပါ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာအုပ်စု၊ ပန်မူကျေးရွာရှိ ခရစ်ယာန် ဘုရား ကျောင်းနှင့်ကျောင်းဝန်းအတွင်းရှိ မူကြိုကျောင်း၊ ရုံးအဆောက်အဦများအား ပြုပြင် ပေးစေလိုကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်စဉ် ဗန်းမော်ခရိုင်၊ ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် အဖွဲ့ချုပ်မှ တင်ပြမှုအရ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက စုပေါင်းလှူဒါန်းမှုဖြင့် နယ်မြေခံ တပ်မတော်သားများက ဒီဇင်ဘာ ၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် ပြင်ဆင်မှုအားလုံး ဆောင်ရွက်ပြီးစီး ခဲ့သဖြင့် ယခုကဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။