သျှရီသျှရီစန္ဒီမယ်တော် ဘုရားကျောင်းသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းသို့ သွားရောက်၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ပေးအပ် လှူဒါန်းသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် သျှရီသျှရီ စန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းအတွင်း လှည့်လည်ကြည့်ရှု ကြည်ညိုကြရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဘာဘူလေးက လိုက်လံရှင်းလင်းပြသသည်။ ထို့နောက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် “သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းသို့ ထပ်မံ ရောက်ရှိကြည်ညိုခွင့်ရသဖြင့် များစွာဝမ်းမြောက် ရပါကြောင်း၊ ဘာသာချင်းချစ်ကြည်ရင်းနှီး နားလည်မှုမှသည် မိမိတို့လူသားအားလုံး ချစ်ကြည် ရင်းနှီးမှုခိုင်မြဲပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာပါစေ” ဟုရေးသား၍ လက်မှတ်ရေးထိုးသည်။

 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ လှူဒါန်းမှုပြုလုပ်ရခြင်းနှင့် ဘာသာရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာ၌ ယခုကဲ့သို့ထပ်မံ ရောက်ရှိပြီး ဟိန္ဒူအမျိုးသားများနှင့် တွေ့ဆုံခွင့်ရရှိသဖြင့် ဝမ်းမြောက်ကြောင်း ပြောဆိုလိုပါကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကန့်သတ်ချက်များ စွာရှိနေသည့်ကြားမှ ၂၀၂၀ ပြည့်နှစ်ကုန် ၂၀၂၁ နှစ်သစ်သို့ မရောက်ရှိမှီကာလအတွင်း နှစ်သစ်အတွက် ငြိမ်းချမ်းခြင်း၊ သာယာခြင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ယုံကြည်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စသည့် အကျိုးများရရှိ စေနိုင်ရန်ရည်ရွယ်၍ ဘာသာရေး အဖွဲ့အစည်းများသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်းနှင့် လှူဒါန်းမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး ၂၀၂၁ ခုနှစ်တွင် ယခုအခြေအနေများ ထက်များစွာ သာလွန်သည့် လူမှုအသိုင်းအဝိုင်းနှင့် လူမှုစီးပွားရေးတို့ကို တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

 

ဟိန္ဒူဘာသာနှင့် ပတ်သက်၍ ဟိန္ဒူဘာသာသည် ကမ္ဘာ၌သက်တမ်းအရှည်ကြာဆုံး ဘာသာတရားတစ်ခုဖြစ်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀၀ ကျော်ခန့်ကပင် စတင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ အိန္ဒိယနိုင်ငံရှိလူအများစုနှင့် ကမ္ဘာ့လူဦးရေ သန်း ၉၀၀ ကျော် ခန့်သည် ဟိန္ဒူဘာသာကိုးကွယ်ကြပြီး ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာပြီးလျင် ဟိန္ဒူ ဘာသာသည် ကမ္ဘာ့တတိယအများဆုံး ကိုးကွယ်သည့် ဘာသာတရားဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ ဘာသာတို့၏ စတင်ပေါ်ပေါက်ရာနေရာမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဆက်နွယ်မှုများလည်းရှိပါ ကြောင်း၊ မိမိတို့နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှာလည်း နှစ်နိုင်ငံနယ်နိမိတ်ခြင်း ထိစပ်နေသကဲ့သို့ ကူးသန်းသွားလာမှုများလည်း ဆက်စပ်လျက်ရှိကာ ယဉ်ကျေးမှုအရလည်း ဆက်စပ်လျက်ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါကြောင်း၊ ဟိန္ဒူဘာသာ၏ အခြေခံသဘော တရားသည် လောက၏ဖြစ်ခြင်း၊ ရပ်တည်ခြင်းနှင့် ပျက်သုဉ်းခြင်း ၃ ပါးသည် ကျယ်ပြန့်နက်နဲလှသည့် သဘောတရား အယူအဆရှိသည်ဟု နားလည်ထားပါကြောင်း။

 

ကမ္ဘာ၌ လူတို့ကိုးကွယ်ရာ ဘာသာတရားများသည် ယုံကြည်လေးစားရခြင်း၊ တန်ဖိုးထားရခြင်းစသည့် အခြေခံအချက်များ တူညီသည့်အပြင် ဆောင်ထားရမည့်၊ ကျင့်ကြံ ရမည့်၊ ကြိုးစားအားထုတ်ရမည့် တရားများ ကိုယ်စီရှိကြကြောင်းနှင့် လောကီလူသားတို့၏ လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှုနှင့် မေတ္တာ တရားများကို ဦးတည် ဆောင်ရွက်ကြရမည်သာဖြစ်ကြောင်း၊ မကြာသေးမီကာလကပင် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankarနှင့် Online မှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ ပါကြောင်း၊ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးခြင်းဖြင့်လည်း ဘာသာတရားမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်မည်  ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမများကို တစ်ဦးချင်းလိုက်နာ ကျင့်သုံးပါက မိမိတို့နေထိုင်ရာ ကမ္ဘာကြီးသည် မေတ္တာ၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းတရားတို့ဖြင့် ထုံလွှမ်းနေမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမများကို လက်တွေ့လိုက်နာစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု ထားပါကြောင်း၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်သော ဘာသာများဟူ၍ အသိအမှတ် ပြုထားပါကြောင်း၊ ဥပဒေအရလည်း အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု ပြဌာန်းထားပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ရေးမရမီကာလကတည်းကပင် စိတ်တူကိုယ်တူဖြင့်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပြီး ယခု COVID-19 ရောဂါကြောင့် ဖြစ်ပေါ်နေမှုများကိုလည်း တူညီသည့်စိတ်ထား၊ ညီညွတ်သည့် စိတ်ထားတို့ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက ၂၀၂၁ ခုနှစ် နှစ်သစ်တွင် ရင်ဆိုင်နေရသည့်အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့်  မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား ညီအစ်ကိုများအားလုံး ချစ်ခင်စွာ နေထိုင်နိုင်ကြပါစေကြောင်း၊ လူမှုစီးပွားဘ၀ ကောင်းမွန်ကြပါစေကြောင်းနှင့် ကပ်ရောဂါကို အားလုံးကျော်လွှား နိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၁၀၀၀ ခု၊ KN- 95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Examination Gloves ၁၀၀၀ ခု၊ Hand Gel ၅၀၀ ml ၅၀ ဘူး၊ Hand Sanitizer ၅၀၀ ml ၁၀၀ ဘူး၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေ ကျပ်သိန်း ၂၀၀ တို့ကိုပေးအပ် လှူဒါန်းရာ ဒုတိယဥက္ကဌ ဦးတင်မြင့်နှင့် သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်း၏ ဒုတိယဥက္ကဌ ဦးတီကေပေါလ် တို့က အသီးသီး လက်ခံရယူကြသည်။

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်သွင်နှင့် အတွင်းရေးမှူး ဦးထွန်းငြိမ်းတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် သျှရီသျှရီ စန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းကိုယ်စား ဟိန္ဒူဘာသာရေး အကျိုးဆောင် ဦးဇော်ဇော်နိုင်က ကျေးဇူးတင်စကားနှင့် ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့သည်။

 

လှူဒါန်းပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။