နေပြည်တော် ဒီဇင်ဘာ ၂၄
(၇၃)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ၊စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် သန်လျင်တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ထို့အတူ (၇၃)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို သန်လျင်တပ်နယ် မဟာနာဝါနီကဇယ မင်္ဂလာဗိမာန်တော်၌ ကျင်းပရာ သန်လျင်မြို့ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇအမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး ဒေါ်သန်းသန်းအေး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ သန်လျင်တပ်နယ်မှ အရာရှိကြီးများ တက် ရောက်ကြသည်။
အစီအစဉ်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး အခမ်းအနား တက်ရောက်လာကြသူများသည် မြို့ဦးစက်ပစ်ကွင်း ကျောင်း ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီးနောက် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာသုတ်ပရိတ် တရားတော်များအား နာယူကြသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားနာ ယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။