နေပြည်တော် သြဂုတ် ၁၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ်ငါးဦးရှိကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်များတွင် (၁၃-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယ အသုတ်စစ်ဆေးပြီးစီး ခဲ့သည့် ဓာတ်ခွဲနမူနာ ၄၉၆ ခုတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်မတွေ့ရှိပါ။
(၁၃-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ပထမ+ဒုတိယ အသုတ်ဓာတ်ခွဲနမူနာ ၁၁၂၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၉၆ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)(PHL,Mandalay)မှ ဓာတ်ခွဲနမူနာ ၁၇၇ ခုနှင့် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)( PHL,Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု နှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၅၃ ခု စုစုပေါင်း ၁၄၆၈ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ငါးဦးတွေ့ရှိရသည်။
(၁၄-၈-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၄ ဦးရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case)များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ ရှိသူတစ်ဦး(ဃျေန-၃၅၃)ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၃၂၂ ဦးရှိသည်။ ၎င်းတို့အနက် ၃၁၄ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၁၃-၈-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီ မှ (၁၄-၈-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၂၀ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
(၅၀၀)