စိန်ခေါ်မှုအသစ်များရင်ဆိုင်လိုသည့် အတွက် ခွန်ကန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်း တိုက်စစ်မှူး အောင်ကောင်းမာန်က ပြောသည်။
အသက် ၂၂ နှစ်အရွယ် အောင်ကောင်းမာန်သည် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းမှ ယခုနှစ် ဇန်နဝါရီလက ထိုင်းလိဂ်-၁ ကလပ် ထရက်အသင်း၌ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကာ သြဂုတ်လတွင် ထိုင်းလိဂ်-၂ ကလပ်လမ်ပန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် အောင်ကောင်းမာန်သည် လမ်ပန်အသင်းမှ ခွန်ကန်ယူနိုက်တက် အသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ဒီဇင်ဘာ ၂၂ ရက်က ထပ်မံပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ အောင်ကောင်းမာန်သည် ခွန်ကန်ယူနိုက်တက်အသင်းနှင့်အတူ ဒီဇင်ဘာ ၂၃ ရက်က လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။
ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်၊ အတွေ့အကြုံအသစ်တွေ ရင်ဆိုင်ချင်တဲ့အတွက် ခွန်ကန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ခွန်ကန်ယူနိုက်တက် အသင်းကိုရောက်တာ နှစ်ရက်ရှိပြီ။
အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ရတာလည်း အဆင်ပြေပါတယ်။ အသင်းက လက်ရှိ အဆင့်(၃)နေရာမှာ ရပ်တည်နေတယ်။
အသင်းနဲ့အတူ ထိုင်းလိဂ်-၁ ကို တက်ရောက်နိုင်အောင် ကြိုးစားပါမယ်ဟု အောင်ကောင်းမာန်က ပြောသည်။
ခွန်ကန်ယူနိုက်တက်အသင်းသည် ပြီးခဲ့ သည့်ဘောလုံးရာသီက ထိုင်းလိဂ်-၃ ၌ ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင် ထိုင်းလိဂ်-၂ သို့ တန်းတက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ခွန်ကန်ယူနိုက်တက် အသင်းသည် လက်ရှိတွင် ထိုင်းလိဂ်-၂ ၌ အမှတ်ပေးဇယားအဆင့် (၃) နေရာတွင် ရပ်တည် လျက်ရှိသည်။
ကိုရဲ