ဟံသာဝတီယူနိုက်တက် အသင်းသည် အကြိုခြေစစ်ပွဲ ယှဉ်ပြိုင်မည့် လာအိုတိုယိုတာနှင့် ဘရူနိုင်းကလပ်တို့ပွဲစဉ်မှ အနိုင် ရသည့်အသင်းနှင့် 2021 AFC Cup Play-Off အဆင့်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
လာမည့်နှစ် AFC Cup အကြိုခြေစစ် ပွဲကို ဧပြီပထမပတ်တွင်ကျင်းပမည်ဖြစ် ပြီး Play-Off အဆင့်ပွဲစဉ်များကို ဧပြီနှင့် မေလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်အရ ဟံသာဝတီ ယူနိုက်တက်အသင်းသည် AFC Cup Play-Off အဆင့်ပွဲစဉ်ကို အိမ်ကွင်း၌ ယှဉ် ပြိုင်ရမည်ဖြစ်ပြီး ယင်းအဆင့်တွင် အနိုင်ရရှိခဲ့ပါက အုပ်စုအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိထုတ်ပြန်ချက်အရ အသင်းရဲ့ Play-Off အဆင့်ပွဲစဉ်ကို လာအိုတိုယိုတာ နဲ့ ဘရူနိုင်းကလပ်တို့က နိုင်တဲ့အသင်းနဲ့ တွေ့ရမှာပါ။ ဒါပေမဲ့ ဘရူနိုင်းကလပ်က ပြိုင်ဖို့မသေချာသေးဘူးလို့ သိရပါတယ်။ တကယ်လို့ ဘရူနိုင်းကလပ်မပြိုင်ဖြစ်ရင် လာအိုတိုယိုတာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Play-Off အဆင့်ပွဲစဉ်တွေက လာမယ့်နှစ် ဧပြီနဲ့မေလမှာ ကျင်းပမှာဖြစ်ပြီး အာဆီယံဇုန်က မေလမှာကျင်းပဖို့ လျာထားပါတယ်ဟု ဟံသာဝတီယူနိုက်တက် အသင်း အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။
၂၀၂၁ ခုနှစ်အတွင်း ကျင်းပမည့် အာရှအဆင့် ကလပ်အသင်းပြိုင်ပွဲများအနက် ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံ လိဂ်ခြေစစ်ပွဲနှင့် ဟံသာဝတီယူနိုက်တက်အသင်းက Play-Off အဆင့်မှ ယှဉ်ပြိုင် ရခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည့် 2021 AFC Cup ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကျင်းပရန်လျာထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
ကိုရဲ