8 Ball ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာကစားသမား ဘုန်းမြင့်ကျော် တတိယဆုရရှိ

ရန်ကုန်  ဒီဇင်ဘာ  ၂၅

Ar-K Club မှ ကြီးမှူးပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဒီဇင်ဘာ ၁၈ ရက်မှ ၂၃ ရက် အထိ ခြောက်ရက်ကြာ   ကျင်းပခဲ့သည့်  8 Ball ဖိတ်ခေါ်ပြိုင်ပွဲတွင်  မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော်က တတိယဆု ရရှိခဲ့ကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည်  ယင်းပြိုင်ပွဲတွင် အဆင့် သတ်မှတ်ချက်အရ ၃၂ ဦးရှုံးထွက် အဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး  ၃၂ဦး ရှုံးထွက်အဆင့်၊ ၁၆ ဦး ရှုံးထွက်အဆင့်၊ ကွာတားဖိုင်နယ်တို့တွင် ပြိုင်ဘက်တရုတ် ကစားသမားများကို အနိုင်ရကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ခဲ့သည့် အကြို ဗိုလ်လုပွဲတွင် ဘုန်းမြင့်ကျော်သည် ပြိုင်ဘက် တရုတ် ကစားသမား ကို ရှုံးနိမ့် ကာ ဗိုလ်လုပွဲအဆင့်နှင့် လွဲချော်ပြီး ပူးတွဲ တတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

Ar-K Club သည် ဘုန်းမြင့်ကျော်ကို စပွန်ဆာ ပေးထားသည့် ကုမ္ပဏီဖြစ်ပြီး ၎င်းအနေဖြင့် ယင်းကလပ်တွင် လေ့ကျင့် မှုများ ပြုလုပ်ရင်း ဖိတ်ခေါ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ဒီဇင်ဘာနောက် ဆုံးပတ်တွင် ယှဉ်ပြိုင်ရမည့် Elite Tour နောက်ဆုံး အဆင့်ပြိုင်ပွဲ အကြို ပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး Elite Tour 2020 ပြိုင်ပွဲ   နောက်ဆုံး အဆင့် ပွဲစဉ်ကို တရုတ်နိုင်ငံချောင်ရန်မြို့၌ ဒီဇင်ဘာ ၂၆ရက်မှ ၃၁ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ