ပရီးမီးယားလိဂ်တွင် နောက်ဆုံးခုနစ်ပွဲဆက် နိုင်ပွဲပျောက် ဆုံးနေသည့် အာဆင်နယ်အသင်းသည် ဒီဇင်ဘာ ၂၆ ရက်ည တွင် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲ ကစားရမည်ဖြစ်ရာ အဓိကတိုက်စစ်မှူး အူဘာမီယန်းပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၁ ရက်က မန်ယူကို အိုးထရက်ဖို့ဒ်ကွင်း၌ ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရသည့် ပွဲပြီးနောက်ပိုင်း နိုင်ပွဲတစ်ပွဲမျှ မရတော့ဘဲ အမှတ်ပေးဇယားအဆင့် (၁၅) နေရာ ရောက်ရှိနေသဖြင့် နည်းပြ အာတီတာအတွက် ကြီးမားသော ဖိအားများ ရှိနေသည်။
အူဘာမီယန်းသည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အာဆင်နယ်အသင်း၏ ပြီးခဲ့သည့်နှစ်ပွဲစလုံး လွဲချော်ခဲ့ရကာ ယခု လေ့ကျင့်မှုများ ပြန်လည် လုပ်ဆောင်နိုင်ပြီဖြစ်သော်လည်း ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားနိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အသင်းမှ သတင်းထုတ်ပြန်ခဲ့သည်။
Ref:Dailymail