ယခုနှစ်ကြံရာသီတွင် ပျဉ်းမနား သကြားစက်ရုံမှ ကြံတန်ချိန် ငါးသောင်းခန့် ဝယ်ယူမည်

၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် ကြံရာသီတွင် ပုံမှန်ကြံရာသီကဲ့သို့ ကုန်ထုတ်လုပ်မှု ရည်မှန်းချက်ထားပြီး    ဆောင်ရွက်မည် ဖြစ်သည့်အတွက်  ယခုနှစ်ကြံရာသီတွင် ပျဉ်းမနား သကြားစက်ရုံမှ     ကြံတန်ချိန် ငါးသောင်းခန့်    ဝယ်ယူမည်ဖြစ်ကြောင်း ပျဉ်းမနားသကြားစက်  စက်ရုံမှူး    ဦးခင်မောင်အေး၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် အတွင်းရှိ အမှတ်(၂) ပျဉ်းမနား သကြားစက်သို့ ပျဉ်းမနားမြို့နယ်နှင့် အနီးပတ်ဝန်းကျင်မြို့နယ်များမှ ကြံစိုက်တောင်သူများက လာရောက် ရောင်းချလျက် ရှိသည်။

ယခုနှစ်တွင် ကြံစိုက်တောင်သူများထံမှ ကြံတစ်တန်ကို ငွေကျပ် ၃၉ဝဝဝ ဖြင့် ဝယ်ယူလျက်ရှိပြီး လာမည့်နှစ် ကြံစိုက်ပျိုးရေး အတွက် ယုဇနကုမ္ပဏီနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ အစည်းအဝေး ညှိနှိုင်းချက်အရ လာမည့်နှစ်တွင် ကြံစိုက်ပျိုးရေးကို တိုးချဲ့ရန်၊ အထွက်နှုန်း တိုးတက်အောင် လုပ်ဆောင်ရန်၊ ကြံစိုက်တောင်သူများကိုလည်း စိုက်ပျိုးစရိတ် ထုတ်ပေးရန် ညှိနှိုင်းပြီးဖြစ်သည်။ ယင်းညှိနှိုင်းချက်အပေါ် စက်ရုံနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ကြံစိုက်တောင်သူများ အထွက်နှုန်းတိုးရေးကို စိုက်ပျိုးရေး ဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးပြီး ကြံစိုက် တောင်သူများ စိုက်ပျိုးရေး အဆင်ပြေစေရန် စိုက်စရိတ်များကို အချိန်မီ ထုတ်ပေးမည်ဖြစ်သည်။

ကြံစိုက်တောင်သူများ အနေဖြင့်  ကြံသည် ရာသီဥတုဒဏ်ကို ခံနိုင်သောကြောင့် အဓိကထား စိုက်ပျိုးလိုကြောင်း၊ ကြံများ ပြန်လည်ရောင်းချရာ၌လည်း အဆင်ပြေစွာ ရောင်းချနိုင်ပါက   ကြံစိုက် တောင်သူ  ပိုမိုများပြားလာနိုင်ပြီး ပျဉ်းမနား  သကြားစက်မှ ပုံမှန်ဝယ်ယူနေပါက ပျဉ်းမနားအနီး ပတ်ဝန်းကျင်ရှိ မြို့နယ်များ၊ ကျေးရွာများရှိ ကြံစိုက်တောင်သူများ ရောင်းချရာတွင် သယ်ယူစရိတ် နည်းပါးရန် လိုအပ်ကြောင်း သိရသည်။