ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လီဂူးဝမ်းတွင် အမှတ်ပေးဇယား အဆင့် (၃) နေရာသို့ ရောက်ရှိနေသည့်အတွက် နည်းပြသောမတ်စ် တူချယ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဆွေးနွေးမှုများပြုလုပ်နေကာ သဘောတူညီမှုရရှိတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အဆိုပါသတင်းကြောင့် ပိုချက်တီနိုကို အလိုရှိနေသော မန်ယူပရိသတ် များအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သော်လည်း စပါးအသင်းအတွက် ဝမ်းသာစရာသတင်း ဖြစ်နေသည်။
စပါးအသင်းသည် ပြီးခဲ့သည့် ၁၃လက ပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး မော်ရင်ဟိုနှင့် အစားထိုးလိုက်သော်လည်း ပိုချက်တီနိုနှင့် ချုပ်ဆိုထားသည့်စာချုပ်ကို နှစ်ဖက်သဘောတူဖျက်သိမ်း နိုင်ခဲ့ခြင်း မရှိသေးသည့်အတွက် ပိုချက်တီနို အလုပ်လက်မဲ့ဖြစ်နေသည့် ကာလတစ်လျှောက်လုံး ၎င်းင်း၏ လက်ထောက်နည်းပြ အဖွဲ့ဝင်များ အတွက်ပါ လစာများဆက်ပေးနေရကာ အကယ်၍ ပီအက်စ်ဂျီနည်းပြ ဖြစ်လာခဲ့လျှင် ထိုလစာများကို ဆက်ပေးရန် မလိုတော့ကြောင်း သိရသည်။ ပိုချက်တီနိုသည် စပါးနှင့်စာချုပ်အရ တစ်နှစ်လစာ ပေါင် ၈ ဒသမ ၅ သန်းရရှိနေခြင်း ဖြစ်ပြီး အသင်းသစ်နည်းပြအလုပ်လက်ခံ လိုက်ချိန်မှစ၍ လစာဆက်ပေးရန် မလိုတော့ဟု သဘော တူညီထားခြင်း ဖြစ်သည်။
Ref:BBC