ကစားရမည့်သုံးပွဲရလဒ်က တန်းဆင်း မဆင်းကိုအဆုံးအဖြတ်ပေးနိုင်ဟု အာတီတာဆို အိုဇေးလ် ရာသီကုန်တွင် ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့ရန် ဆွေးနွေးနေ

အာဆင်နယ်အသင်းသည် ၁၉၇၄-၁၉၇၅  ဘောလုံးရာသီနောက်ပိုင်း အဆိုးရွားဆုံးရလဒ်များ နှင့် ရင်ဆိုင်နေရပြီးနောက် ပွဲစဉ် (၁၄) အပြီး အဆင့် (၁၅) နေရာသို့ရောက်ရှိကာ တန်းဆင်းဇုန်အထက် လေးမှတ်အသာနေရာ၌  ရပ်တည် နေသည့်အတွက် တန်းဆင်းအန္တရာယ်ရှိ၊ မရှိကို မီဒီယာများကမေးမြန်းရာ နည်းပြအာတီတာက နောက်ကစားရမည့် သုံးပွဲက အဖြေပေးနိုင်သည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ဒီဇင်ဘာ ၂၆ ရက်တွင်  ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနှင့် မကစားမီ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ်  မီဒီယာများက  အာတီတာကို ထိုသို့မေးမြန်းရာ နောက်လာမယ့်  ခုနစ်ရက်၊  ရှစ်ရက်အတွင်း ပွဲတွေက ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့လားရာ ကိုပြသဖို့ အဓိကကျပါလိမ့်မယ်။ လက်ရှိအချိန် မှာ အသင်းလိုက်ကြိုးစားဖို့ပဲရှိတယ်။ ကစားသမား အစုလိုက်ဆိုတာမျိုးထက် တစ်သင်းလုံးအတိုင်း အတာနဲ့  အကောင်းဘက်ကိုဦးတည်ဖို့  ရှိသမျှ ခွန်အားတွေကို အကုန်ထုတ်သုံးရမှာပဲ။  တစ်ဦးချင်းစီအတွက် ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်တင်မှာမဟုတ်ဘူး။ ဒီလိုအချိန်မှာ အကောင်းဆုံး လုပ်သင့်တာက  အပြင်မှာ  ဘာတွေပဲဖြစ်ဖြစ် အကောင်းမြင်ပြီး အားလုံးအတူတကွ ရုန်းထွက် လွတ်မြောက်အောင် ခွန်အားတွေကို အများအပြား ထုတ်သုံးကြဖို့ပဲဖြစ်တယ်။   ချယ်လ်ဆီးနဲ့ပွဲမှာ သေချာပေါက်နိုင်အောင်  ကြိုးစားရမယ်  ဟု ဖြေကြားခဲ့သည်။

အာဆင်နယ်အသင်းသည်  ချယ်လ်ဆီးနှင့် ပွဲပြီးလျှင် ဒီဇင်ဘာ ၂၉ ရက်တွင် ဘရိုက်တန် ကွင်းသို့ သွားကစားရမည်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင်  ဝက်စ်ဘရွန်းနှင့်  ကစားရမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် ပထမရာသီဝက် တွင် အသင်းစာရင်းမှ ချန်လှပ်ထားခဲ့သော ဂျာမန် ကွင်းလယ်ကြယ်ပွင့်   အိုဇေးလ်ကို   ဒုတိယ ရာသီဝက် အသင်းစာရင်းတွင် ပြန်လည်မှတ်ပုံတင် ကာ ကစားစေဖွယ်ရှိကြောင်း  သိရသည်။ 

သို့သော် အိုဇေးလ်သည် ရာသီကုန်မှ အသင်းနှင့်  စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ဇန်နဝါရီ ဈေးကွက်၌ အသင်းမပြောင်းဘဲ ရာသီကုန်ချိန်မှ တူရကီကလပ် ဖီနာဘာချီသို့  ပြောင်းရွှေ့ကစားရန် လျှို့ဝှက်ဆွေးနွေးနေကြောင်း သိရသည်။ ဖီနာဘာချီအသင်းအကြီးအကဲ မူရတ်ဇော်လူက ရာသီကုန်တွင် အိုဇေးလ်ရောက်လာရန်  ၉၀ ရာခိုင်နှုန်း သေချာသည်ဟု ပြောသည်။

Ref:Dailymail