အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထား

၂၀၂၁  ခုနှစ်အတွင်း   ကျင်းပမည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ငါးမျိုး  ဝင်ရောက်ယှဉ်ပြိုင်ရန်  လျာထားကြောင်း သိရသည်။ အဆိုပါအားကစားနည်း ငါးမျိုးမှာ ဘောလုံး(အမျိုးသား)၊  ပိုက်ကျော်ခြင်း၊ ဝူရှူး၊  မြားပစ်နှင့် ကရာတေးဒိုတို့ဖြစ်ကြသည်။

ယင်းအားကစားနည်းငါးမျိုးကို    ဆုတံဆိပ်ရရှိစေရန် ဝိုင်းဝန်းကူညီပံ့ပိုးမည် ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားသမားများအား  နေပြည်တော်၌  စခန်းသွင်းလေ့ကျင့်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အကြိမ် (၂၀) မြောက်   အာဆီယံတက္ကသိုလ်ပေါင်းစုံ   အားကစားပြိုင်ပွဲကို မူလက ယခုနှစ်အတွင်း ကျင်းပရန်စီစဉ် ထားသော်လည်း  COVID-19 ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ရွှေ့ဆိုင်းခဲ့သည့် အာဆီယံတက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲကို  ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ၌  ပြန်လည်ကျင်းပရန် လျာထားကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ထားသည်။

အာဆီယံတက္ကသိုလ်ပေါင်းစုံအားကစား ပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ်   ကျင်းပခဲ့ခြင်းဖြစ်ပြီး   မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အိမ်ရှင်အဖြစ် ကျင်းပသည့်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်ဆု ၂၄ ခု၊ ငွေတံဆိပ်ဆု ၂၆ ခုနှင့် ကြေးတံဆိပ် ဆု ၂၉ ခုရရှိပြီး နိုင်ငံအလိုက် အဆင့် (၄) နေရာရရှိကာ  ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနှစ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။             

 ကိုရဲ