ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ကြီး၏ အာဒိကမ္မိက၊ ပဓာနနာယက ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်ကိန်းဝပ် စံပ္ပါယ်တော်မူသော ရွှေခေါင်းတော်အား အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲသဘင်ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၇
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ကြီး၏ အာဒိကမ္မိက၊ ပဓာနနာယက ဆရာတော်ကြီး၊ နိုင်ငံတော်သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ သက်တော် ၈၉ နှစ်၊ သိက္ခာတော် ၆၉ ဝါရ မဟာထေရ်မြတ်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော် ကိန်းဝပ်စံပ္ပါယ်တော်မူသော ရွှေခေါင်းတော်အား အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲသဘင်ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ အကျဉ်းရုံးကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက ပြည်နယ် သံဃနာယကအဖွဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သောမ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
    
ဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရသေ့တောင်မြို့နယ်၊ တင်းကုတ်ကျောင်းတိုက် ပဓာနနာယကဆရာတော်နှင့် စစ်တွေမြို့၊ ဓမ္မ သုခကျောင်းတိုက် ပဓာနနာယက ဆရာတော်တို့က သံဝေဂသြဝါဒကထာ ချီးမြှင့်ပေးပြီး နိုင်ငံတော် သံဃနာယကအဖွဲ့မှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာကို မင်းပြားမြို့၊ ဓမ္မိကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်က လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပေးပို့သော ဝမ်းနည်း ကြောင်း သဝဏ်လွှာကို ရခိုင်ပြည်နယ် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လည်းကောင်း ရွတ်ဖတ်ပူတော်ကြသည်။    
ထို့နောက် ဆရာတော် ဘဒ္ဒန္တစန္ဒ မထေရ်မြတ်ကြီး၏ ကြွင်းးကျန်ရစ်သော ဥတုဇရုပ် ကလပ်တော် ကိန်းဝပ်စံပ္ပါယ်တော်မူသော ရွှေခေါင်းတော်အား အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲသဘင် ဆင်ယင်ကျင်းပရန်အတွက် နိဗ္ဗာန်ကျောင်းတော်မှ ကရဝိတ်ဖောင်တော်သို့ ပင့်တောင်မည့်  "နိမန္တန ပင့်လျှောက်လွှာဂါထာ" ကို တန်းခိုပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ကြီးက ရွတ်ဖတ်ပူဇော်ပြီး ရွှေခေါင်းတော်အား ဆရာတော်၊ သံဃာတော်များ တိုင်းမှူးနှင့်  အဖွဲ့ဝင်များက ပင့်ဆောင်ပူဇော်ကြကာ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပပြုလုပ်သည်။    
ဆရာတော်လောင်းလျာကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာ ၌ ခမည်းတော် ဦးကံကြီးအောင်နှင့် မယ်တော် ဒေါ်ညိုချေတို့မှ ၁၂၉၃ ခုနှစ်၊ နတ်တော် လဆန်း ၆ ရက်၊ ခရစ်နှစ် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ အင်္ဂါနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ ဆရာတော် လောင်းလျာသည် ၁၃၀၉ ခုနှစ်၊ ကဆုန်လပြည့်ကျော်  ၉ ရက်၊ အင်္ဂါနေ့တွင် ဆင်အင်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တ သုမနမဟာထေရ်ကို  ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနဂ္ဂကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ဘွဲ့တော်မှာ ရှင်စန္ဒ ဖြစ်သည်။ ဆရာတော် လောင်းလျာသည် ၁၃၁၃ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့ နံနက် ၈ နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျောင်းဆရာ တော် ဘဒ္ဒန္တ ဝဏ္ဏမဟာထေရ်ကို ဥပဇ္ဈာယ်ပြုလျက် ဆင်အင်းကြီးကျောင်း ခဏ္ဍသိမ်တော်၌ ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။  ဆရာတော်သည် သာသနာတော်တည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃာအဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်တို့၌ စစ်တွေမြို့၊ သံဃာနာယကအကျိုးတော်ဆောင်၊  တတိယအကြိမ်ရွေးချယ်ရာ၌ ပြည်နယ်သံဃာနာယက အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ စတုတ္ထအကြိမ်၊ ပဉ္စမကြိမ်၊ ၂၀၁၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့အထိတိုင် ပြည်နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။    
ထိုသို့ သာသနာ့ကိစ္စအ၀၀ကို အားသွန်ကြိုးပမ်းဆောင်ရွက်တော်မူသော ဆရာတော် ဘဒ္ဒန္တစန္ဒ မဟာထေရ်မြတ်၏ ပိဋကတ္တယဆေကဂုဏ်၊ ဓန္တဓုရာဝဟဂုဏ်၊ မဟာထေရဂုဏ်၊  ပရိယတ္တိဝိသာရဒဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမစသော ဂုဏ်တော်တို့ဖြင့် ပြည့်စုံတော်မူ သောကြောင့် ၁၉၉၃ ခုနှစ်တွင် " အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ ဗုဒ္ဓသာသနာ ဝုဓိုကရဏဂုဏ်၊ ဗုဒ္ဓသာသနရက္ခိတကို မဟထေရဂုဏ်၊ သီလ သမာဓိပညာ ဂုဏ်တော်တို့ဖြင့် ပြည့်စုံတော်မူသောကြောင့် ၂၀၀၄ ခုနှစ်တွင် "အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ သာသနာ့ဓုရာဝဟဂုဏ် စသည့်တို့ဖြင့် ပြည့်စုံတော်မူသော ကြောင့် ၂၀၀၉ ခုနှစ်တွင် " အဘိဓဇမဟာရဌဂုရု" ဘွဲ့တံ ဆိပ်တော်မြတ်ကို လည်းကောင်း နိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်အသီးသီးကို ရရှိတော်မူခဲ့သည်။ ဆရာတော်ကြီးသည် ၁၃၈၁ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၇ ရက်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ စနေနေ့ ညနေ ၄ နာရီ ၂၃ မိနစ်အချိန်တွင် ရန်ကုန်မြို့ အာယုဆေးရုံ၌ ဘဝနတ်နန်းစံမြန်းတစ်ဘဝတစ်ခန္ဓာ ချုပ်ငြိမ်းတော်မူခဲ့ကြောင်း သတင်းရရှိသည်။