အာဆင်နယ်အသင်းသည် ဒီဇင်ဘာ ၂၆ ရက် ညက ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီး လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီတာက များစွာစိတ်သက်သာရာရစေသော ပွဲရလဒ် ဖြစ်ကြောင်းနှင့် ထိုပွဲအနိုင်ရလဒ်က အသင်းကို အလှည့်အပြောင်း ဖြစ်စေလိုသည်ဟု ပြောသည်။
ထိုပွဲတွင် အာဆင်နယ်အသင်း အဓိကတိုက်စစ်မှူး အူဘာမီယန်း ပါဝင်ခဲ့ခြင်း မရှိသကဲ့သို့ အဓိကဗဟိုခံစစ်မှူး မာဂင်ဟေးစ်၊ ဒေးဗစ်လုဇ်နှင့် ဝီလျံတို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော် ပွဲချိန်ပထမပိုင်းအတွင်း လာကာဇက်တီက ပယ်နယ်တီမှ တစ်ဂိုး၊ ရှာကာက ဖရီးကစ်မှ တစ်ဂိုးသွင်းပြီး ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်တွင် လူငယ်ကစားသမား ဆာကာက တစ်ဂိုးထပ်သွင်းခဲ့သဖြင့် အာဆင်နယ်အသင်းသည် လူငယ်များဖြင့် ချယ်လ်ဆီးကို ထိုက်တန်စွာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲချိန်နှောင်းပိုင်း ချယ်လ်ဆီးပယ်နယ်တီ ကန်ခွင့်ရမှုကို အာဆင်နယ်ဂိုးသမား ဘန်းလီနိုကာကွယ် ခဲ့ပြီး ချယ်လ်ဆီးအတွက် တိုက်စစ်မှူး အီဘရာဟမ်က နှစ်သိမ့်ဂိုးတစ်ဂိုးပြန်သွင်းခဲ့သည်။
အဆိုးရွားဆုံး ရလဒ်များကြောင့် တန်းဆင်းဇုန် နားပင်ကပ်လာခဲ့ရသဖြင့် ဝေဖန်မှုများစွာ ခံနေရချိန် ချယ်လ်ဆီးကို အနိုင်ရလိုက်ခြင်းက ကြီးစွာသောဖိအားကို သက်သာရာရစေခဲ့သည်။
အာတီတာက ပြောရမယ့် စကားလုံးက စိတ်သက်သာရာရစေပြီး စွမ်းဆောင်ရည်အတွက် ဂုဏ်ယူတယ်ဆိုတဲ့ စကားပဲဖြစ်မှာပါ။ ရလဒ်ဆိုး တွေကြောင့် စိတ်မချမ်းမသာဖြစ်နေရတဲ့ ပရိသတ်တွေကိုလည်း ပျော်ရွှင်မှုပေးနိုင်ခဲ့တဲ့ပွဲပါ။ အမ်း မရိတ်ကွင်းမှာ အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူ မိတာပါ။ အနိုင်ကစားခဲ့တဲ့ ခြေစွမ်းနဲ့ရလဒ်က အသင်းရလဒ် ဆိုးရွားမှုတွေကို အလှည့်အပြောင်းဖြစ်လာစေဖို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်းက လူငယ်နဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ပေါင်းစပ်ထားတာဖြစ်ပြီး အခုပွဲမှာ မပါနိုင်ခဲ့သူတွေ များခဲ့ပေမယ့် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လို့ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်မိပါတယ်ဟု ဂုဏ်ယူပြောကြားခဲ့သည်။
Ref:Dailymail