ဟံသာဝတီယူနိုက်တက်အသင်း ပြည်ပကစားသမားခေါ်ယူမှုကို လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်ရန် လျာထား

ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့်နှစ်ဘောလုံးရာသီအတွက် ပြည်ပကစားသမားခေါ်ယူမှုကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ရန်လျာထားရာ လာမည့်နှစ်တွင်  AFC Cup ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း အာရှကစားသမားတစ်ဦး  ခေါ်ယူမှုမပြုလုပ်ဘဲ  ပုံမှန်ခေါ်ယူမှုဖြစ်သည့်   တခြားပြည်ပကစားသမား သုံးဦးသာ ခေါ်ယူ အသုံးပြုမည်ဖြစ်သည်။

ဟံသာဝတီယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပြည်ပကစားသမားများအဖြစ် နိုက်ဂျီးရီးယား တိုက်စစ်မှူး အီမီကာ၊ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒေါ်နယ်ဘစ်ဆာနှင့် အိုင်ဗရီကို့စ် နောက်ခံကစားသမား မွန်ကာလူးတို့ကို အသုံးပြုခဲ့သည်။

ယင်းကစားသမားသုံးဦးအနက် တိုက်စစ်မှူး    ဒေါ်နယ်ဘစ်ဆာနှင့်  နောက်ခံကစားသမား မွန်ကာလူးတို့ကို သက်တမ်းတိုးရန် ညှိနှိုင်းနေပြီး  ယခင်တိုက်စစ်မှူး အီမီကာကို လဲလှယ်ရန် စီစဉ်ထားကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျွန်တော်တို့အသင်းအနေနဲ့ လာမယ့်နှစ်မှာ AFC Cup ခြေစစ်ပွဲကစားခွင့်ရပေမယ့် အရင်အတိုင်း ပြည်ပကစားသမား သုံးဦးပဲ အသုံးပြုဖို့ ဆုံးဖြတ်ထားပါတယ်။

အာရှသားကစားသမားခေါ်ဖို့ အစီအစဉ် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကအသုံးပြုခဲ့တဲ့ ဒေါ်နယ်ဘစ်ဆာနဲ့    မွန်ကာလူး တို့ကို သက်တမ်းတိုးဖို့ ညှိနှိုင်းနေပါတယ်။ အီမီကာကိုတော့ လဲဖို့စီစဉ်ထားပြီး သူ့အစား တခြားပြည်ပကစားသမား တစ်ဦးကို လာမယ့်နှစ် ဇန်နဝါရီလမှာခေါ်နိုင်ဖို့ ကြိုးပမ်းသွားပါမယ်  ဟု ၎င်းကပြောသည်။

၂၀၂၀ ဘောလုံးရာသီတွင် ဟံသာဝတီယူနိုက်တက်အသင်းမှ ပြည်ပကစားသမားသုံးဦးစလုံး ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူးဘစ်ဆာနှင့် အီမီကာတို့၏  နှစ်ဦးပေါင်းသွင်းဂိုး ၂၇ ဂိုးအထိ ရှိခဲ့သည်။

ဟံသာဝတီယူနိုက်တက် အသင်းသည် လာမည့်နှစ်တွင် အာရှအဆင့် AFC Cup ပြိုင်ပွဲ   ခြေစစ်ပွဲအဆင့်ကို   ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ကိုရဲ