နေပြည်တော် ဒီဇင်ဘာ ၂၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ယမန်နေ့က
ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲဘက်မှ လွိုင်ကော်ဘက်သို့ မူးယစ်ဆေးဝါးပမာဏ အများအပြား သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအရ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီက SKAT အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာသဖြင့် အဆိုပါယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ယမန်နေ့နံနက် ၄ နာရီခွဲက လွိုင်ကော်မြို့နယ် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ လွယ်တမူကျေးရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေသည့် ပိတ်ဆို့ရေးအဖွဲ့နှင့် ပူးပေါင်း၍ ၎င်းမော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်မောင်းထွန်းနိုင်(ခ) မောင်စိမောင်းနှင်၍ ခွန်းမာချယ်သိန်းလိုက်ပါလာသည်ကို တွေ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား အသေးစိတ်ရှာဖွေရာ ယာဉ်၏ကိုယ် ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၀၅၀၀၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းနိုင်(ခ) မောင်စိ ၄၅ နှစ်၊ ခွန်းမာချယ်သိန်း ၃၃ နှစ်တို့အား ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်မှ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရဲပြန်ကြား