မြဝတီ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် သစ်သီး တင်သွင်းမှု မြင့်တက်လာ

မြဝတီ  ဒီဇင်ဘာ  ၂၈

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ထိုင်းနိုင်ငံမှ  သစ်သီးတင်သွင်းမှု မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် နေ့စဉ်သွင်းကုန် အဆင်းယာဉ် ၂ဝ၉ စီးရှိပြီး ယခင်ရက်များထက်  အသီးမျိုးစုံ တင်သွင်း မှုများပြား ခဲ့ကြောင်း၊ အသီးတင်သွင်းသည့် ယာဉ်အစီးရေ ၁၈  စီးခန့်ရှိပြီး ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ လောင်ဂန်းသီး၊  သရက်သီး၊  ရေငန်သီး၊ ကြက်မောက်သီးနှင့် နဂါးမောက်သီး စုစုပေါင်း ၇၂ တန်ခန့်ကို တင်သွင်းနေကြောင်း သိရ သည်။

သစ်သီး အမျိုးအစားအလိုက် ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ချယ်ရီသီး၊ မန်ကျည်းချိုသီး၊ စွန်ပလွံသီး၊ ခြင်းလိမ္မော် (အသေး)၊  တည်သီး၊ တလည်းသီး၊ လောင်ဂန်းသီးနှင့် ရေငန်သီးတို့ကို ပြည်တွင်းဈေးကွက် လိုအပ် ချက်အရ တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ပြုထားပြီး ဒူးရင်းသီးကို စက်တင်ဘာလမှ  ဧပြီလအထိ၊ ကြက်မောက်သီး ကို စက်တင်ဘာလမှ  မတ်လကုန်အထိ၊ မင်းကွတ်သီးကို ဇန်နဝါရီ လမှ မတ်လအထိနှင့်  အောက်တိုဘာလမှ  ဒီဇင်ဘာလအထိ၊ ပိန္နဲသီးကို ဇန်နဝါရီလနှင့်  ဖေဖော်ဝါရီ၊ သရက်သီးကို အောက်တိုဘာလမှ ဧပြီလအထိ တင်သွင်း ခွင့်ပြု ထားကြောင်း  သိရသည်။

''သူ့ရာသီနဲ့သူ တင်သွင်းခွင့်ကန့်သတ်ထားပါတယ်။ ပန်းသီး၊ လိမ္မော်သီးနဲ့စပျစ်သီးတွေကို တင်သွင်းရင် သွင်းကုန် လိုင်စင် မလိုအပ်ပေမယ့်  ကျန်အသီးတွေ တင်သွင်းမှုအတွက် သွင်းကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ် ပတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ   တာဝန်ရှိသူတစ်ဦးက ပြောသည်။

လိုင်စင်၊  သွင်းကုန်ကြေညာလွှာ  (ID) ဈေးနှုန်းများမှာ  ပန်းသီးတစ်ကီလိုလျှင် ငွေကျပ် ၇၉၂ ကျပ်၊ လိမ္မော်သီး တစ်ကီလိုလျှင်   ငွေကျပ်  ၃၅၆ ကျပ်၊  စပျစ်သီးတစ်ကီလိုလျှင် ငွေကျပ် ၁၅၈၅ ကျပ်၊ သရက်သီး တစ်ကီလိုလျှင် ငွေကျပ် ၂၃၆ ကျပ်၊ နဂါး မောက်သီး တစ်ကီလိုလျှင် ငွေကျပ် ၅၃ဝ ကျပ်၊ ကြက်မောက်သီး တစ်ကီလိုလျှင်  ငွေကျပ်  ၃၂၉ ကျပ်၊ လောင်ဂန်းသီးနှင့်  ရေငန်သီး တစ်ကီလိုလျှင်  ငွေကျပ် ၁၅၉ ကျပ်ဖြစ်ပြီး  ဈေးနှုန်းအပြောင်း အလဲရှိ နိုင်ကြောင်း   သိရသည်။

သုသု (AMIA)