မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်၊ မင်းလှ၊ ဝက်လက်မြို့နယ်တို့ရှိ နေရာအချို့၌ ပျက်စီးမှုများဖြစ်ပွား
မိုးကုတ် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ဘီးတောင်ရပ်ကွက်၌ ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနီချောင်းမြေထိန်းနံရံ ပြိုကျမှု ဖြစ်ပွားသဖြင့် မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြေထိန်းနံရံကို ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ မိုးကုတ်မြို့၌ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီခွဲအထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့နယ် အတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မြို့မရပ်ကွက် မြို့လယ်ရပ်ရှိ မြေထိန်းနံရံ အလျားပေ ၇ဝ ခန့်၊ အမြင့် ၁ဝ ပေ၊ အကျယ် ၃ ပေ ပျက်စီးခြင်း၊ မြို့မရပ်ကွက် အောင်နန်းရပ်ရှိ သွပ်မိုးထရံကာ နှစ်ထပ်လူနေအိမ် အဆောက်အအုံ အောက်ထပ် အနောက်ဘက် အလယ်ခန်း ထရံပွင့်ထွက်ပြီး မြေပိ၍ လူနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း၊ မြို့မရပ်ကွက်၊ ရှောလီဝိုင်းရပ်ကွက်၊ ပိတ်စွယ်နယ်မြေ(၂)တွင် ချောင်းရေလျှံမှုကြောင့် ကျောက်ရိုးများ အက်ကွဲမှုများဖြစ် ပေါ်သဖြင့် နေအိမ်ရှိလူများကို ဘေးကင်းရာသို့ ပို့ဆောင်ပေးခြင်း၊ ရှောလီဝိုင်းရပ်ကွက် ဘီးတောင်ရပ်ရှိ အလျား ပေ ၆ဝ၊ အမြင့် ၁၂ ပေ ကျောက် ရိုးပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါနေရာများသို့ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများနှင့် လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပြင်ဦးလွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး သရက် ခရိုင် မင်းလှမြို့နယ်၌ ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် သရက်-မင်းလှ ကားလမ်းမကြီးပေါ်ရှိ မင်းလှရေကျော်၌ ရေလျှံမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် မင်းလှမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွား ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင် ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက် မြို့နယ် အမှတ်(၁)ရပ်ကွက်၌ ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်လဲ၍ လမ်းပိတ်ဆို့ မှုဖြစ်ပွားသဖြင့် ဝက်လက်မြို့နယ် မီးသတ် စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက လမ်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။