စကားများရန်ဖြစ်ရာက ဓားခုတ်မှုဖြစ်ပွား

လက်ပံတန်း၊ ခိုက်ရန်ဖြစ်ပွားမှု

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သဲကောဆည်ဖျား၌  ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် စကားများ ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး သုံးဦး သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် လက်ပံတန်းမြို့နယ် သဲကောဆည်ဖျားတွင် ခြံစိုက်ပျိုးရေး လုပ်ငန်းလုပ် ကိုင်သည့် ဝင်းခိုင်မှာ ၎င်း၏မာလကာခြံထဲ သို့ မှော်အင်းကျေးရွာအုပ်စု မင်းစုကျေးရွာနေ မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်ကြသည့် ဦးမြင့်ကြိုင်၊ ဦးတင်လှိုင်နှင့် ဦးစိုးမြင့်တို့၏သစ်ဆွဲသော ကျွဲစွပ်များ မကြာ ခဏဝင် ရောက်ကြောင်း၊ ၎င်းမှာ ခြံစည်းရိုးကာရံ ထားသော်လည်း ခြံစည်းရိုးတိုင်များဖြတ်၍  ဝင်ရောက် လေ့ရှိကြောင်း ပြောဆိုနေစဉ်  ခြံထဲသို့ ကျွဲစွပ်များဖြတ်သွားသဖြင့် စကားများကြပြီး ဝင်းခိုင်က ဓားဖြင့် ခုတ်မှုကြောင့်  ဦးမြင့်ကြိုင်ပါ သုံးဦးမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းခိုင်အား  လက်ပံတန်းမြို့မရဲစခန်းက (ပ)၇၆၂/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ညီညီ(လှိုင်သာယာ)