တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး-
     
၂၀၂၁ ခုနှစ် နှစ်သစ်အခါသမယမှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းစတဲ့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ကြောင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်။  
     
 ၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့နှစ် ဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်သစ်ကူးမှာ ကျွန်တော် ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကာလမှာ ကျွန်တော်တို့နိုင်ငံရော ကမ္ဘာ့နိုင်ငံအဝှမ်းတွင်ပါ ခက်ခဲ တဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
    
COVID-19 ကမ္ဘာ့ ကပ်ရောဂါဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာအနှံ့ ပျံ့နှံ့ဖြစ်ပွား လျက်ရှိလာခဲ့ပါတယ်။    တပ်မတော်အနေနဲ့ COVID-19 ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဘက်စုံ ထောင့်စုံကနေ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်တဲ့ ညှိနှိုင်း ပြင်ဆင်မှုများကတစ်ဆင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကြိုတင် မျှော်တွေးစဉ်းစားကာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ 
    
ယခုအခါမှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှု မြန်မာနိုင်ငံမှာ ကျဆင်း လာတယ် ဆိုပေမယ့်လည်း ပေါ့ဆလို့တော့မရပါဘူး။ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရန်အချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းဟာ COVID-19 ရောဂါဖြစ်ပွားမှု ထိန်းချုပ်ခြင်းနဲ့ လျော့နည်းပပျောက်ရေးအတွက် များစွာအကျိုးရှိစေမှာပါ။
    
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမှုစီးပွား များစွာထိခိုက်ဆုံးရှုံးကြရပါတယ်။ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ကျော်မျှရှိပြီး နိုင်ငံအားလုံး၊ လူသားအားလုံးဟာ စားရေးအတွက် လုံးပမ်းနေကြရပါ တယ်။
    
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးအဓိက ထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ အတွက် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးလုပ်ငန်းများစတဲ့ရနိုင်တဲ့နယ်ပယ်အသီးသီးမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းအားဖြင့် လူသားအားလုံးအကျိုး ဖြည့်ဆည်းပေးနိုင်တဲ့ အပြင် ကျွန်တော်တို့ရဲ့ လူမှုစီးပွားလည်း တိုးတက်လာမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။    
    
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၂ နှစ်ကြာ အပစ်အခတ်ရပ်စဲ ပေးခဲ့ပါတယ် ဆက်လက်ပြီး အဖြစ်နိုင်ဆုံးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 
    
၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။
    
ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်း သာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မည်ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလို ပါတယ်။
    
တပ်မတော်အနေနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်း လုပ်ဆောင်သွားပါမယ်လို့ ပြောကြားရင်း မိဘပြည်သူများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း ထပ်မံဆုတောင်းအပ်ပါတယ်ခင်ဗျား။
                             
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်