နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ၂ဝ၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား

(၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁  ရက်)

ချစ်ခင်လေးစားအပ်တဲ့  နိုင်ငံသူနိုင်ငံသား  မိဘပြည်သူများ ခင်ဗျား-

၂ဝ၂၁ ခုနှစ်၊  နှစ်သစ်အခါသမယမှာ  နိုင်ငံသူ နိုင်ငံသားများအားလုံး   ကိုယ်ရောစိတ်ပါ  ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း မိမိတို့အစိုးရဟာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးယန္တရားများ ပြည့်ဝကောင်းမွန်ရေး၊ နိုင်ငံတစ် ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မမှိတ်မသုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုး တိုးတက် စေဖို့အတွက် ကဏ္ဍကြီး(၁၁)ရပ်သတ်မှတ်ပြီးတော့ ရေတို၊ ရေရှည်စီမံကိန်းတွေ ရေးဆွဲ အကောင် အထည်ဖော် ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ပြီးမြောက် ောင်မြင်ခဲ့တဲ့ လုပ်ငန်းအများအပြားရှိသလို  ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလည်းကျန်ရှိပါတယ်။  လာမယ့်နှစ်များအတွင်းမှာ ဆောင်ရွက်ဆဲ လုပ်ငန်းတွေ ပြီးစီးရုံသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍ နယ်ပယ် အသီးသီးမှာ နိုင်ငံသူ နိုင်ငံသား တို့အတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားများနဲ့ အခွင့်အလမ်းသစ်များဖော်ဆောင်ပေးနိုင်ဖို့ ပြည်သူများနဲ့ လက်တွဲပြီး ဆက်လက် အားထုတ်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။      

နိုင်ငံသူနိုင်ငံသား မိဘပြည်သူများခင်ဗျား-

နိုင်ငံတစ်ခုတိုးတက်အောင်မြင်ရေးအတွက် အရေးကြီးဆုံးအခြေခံအချက်က တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဖြစ်ပါတယ်။ ဒီအတွက် ဆောင်ရွက်ရာမှာ ပြည်သူတို့ရဲ့ စုပေါင်းအင်အားဟာ အလွန် အရေးပါပါတယ်။  ပြည်သူတွေအားလုံးက  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အလေးအနက်ထားပြီး စုပေါင်း ပါဝင်ဆောင်ရွက်ကြခြင်းဖြင့်သာ မိမိ တို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာတည် ဆောက် နိုင်မှာဖြစ်သလို၊ နိုင်ငံတစ်ဝန်း  တန်းတူညီမျှဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်း အကောင် အထည် ဖော်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အရေးမှာ  နိုင်ငံသူနိုင်ငံသားများအားလုံး တစ်ခဲနက် ပါဝင်ဆောင် ရွက်ပေးကြဖို့ ပန်ကြားလိုပါတယ်။

နိုင်ငံသူနိုင်ငံသား မိဘပြည်သူများခင်ဗျား-

၂ဝ၁၉  ခုနှစ် နှစ်ကုန်ပိုင်းကစတင်ပြီး ကမ္ဘာအနှံ့ ပြန့်ပွားဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ အများ အပြားမှာ အသက်ဘေးအန္တရာယ်နဲ့အတူ စီးပွားရေး၊ လူမှုရေး စတဲ့ အခက်အခဲ အကျပ်အတည်း မျိုးစုံကြုံတွေ့ ခဲ့ကြရပါတယ်။   မိမိတို့နိုင်ငံမှာလည်း အလားတူအခက်အခဲတွေ အတိုင်းအတာတစ်ခုအထိ ကြုံတွေ့ခဲ့ရာမှာ  နိုင်ငံတော် အစိုးရနဲ့အတူ နိုင်ငံသူ နိုင်ငံသားများက ကျရာအခန်းကဏ္ဍက တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြတဲ့အတွက် ကပ်ရောဂါ ပြဿနာ ဆိုးဆိုးဝါးဝါး မခံစားရအောင်   ထိန်းသိမ်း ကာကွယ်နိုင်ခဲ့တာ အားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ ဒါဟာ စုပေါင်းအင်အားရဲ့ တန်ဖိုးကြီးမားပုံကို  သိသာထင်ရှားစွာ ပြသ လိုက်တဲ့ သာဓက တစ်ခုဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသူနိုင်ငံသားများကို အထူး ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။

ဆက်လက်ပြီး  ကိုဗစ်-၁၉အလွန်ကာလမှာ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ အပေါ် သက်ရောက်မှုများ လျော့ပါး စေရေး အစီအစဉ်များနဲ့ စီးပွားရေး ကုစားမှုအစီအစဉ်များပါဝင်တဲ့ စီမံကိန်းတွေကိုလည်း ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူလူထုရဲ့ ညီညွတ်မှုစွမ်းအားနဲ့ ကိုဗစ်ကပ် ရောဂါဘေးကြောင့် ဖြစ်လာတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို ကျော်လွှား အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံသူနိုင်ငံသား မိဘပြည်သူများခင်ဗျား-

မင်္ဂလာအပေါင်းနဲ့ခညောင်းပြည့်စုံတဲ့ နှစ်သစ်အခါသမယမှာ  မိဘပြည်သူအားလုံး  ကပ်ရောဂါဘေး ကင်း ဝေးကာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ၊  ပြည်သူလူထုရဲ့စုပေါင်းစွမ်းအားနဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာ ပြီး  ဖွံ့ဖြိုး တိုးတက်ပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။