တပ်မတော်နှင့် AA အဖွဲ့တို့ ဆွေးနွေးမှုရလဒ်များကြောင့်  AA အဖွဲ့မှ ၎င်းတို့ဖမ်းဆီး ထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦး တို့ကို တပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် AA အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့နှင့် တိုက်ပွဲများဖြစ်ပွားစဉ် ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် တပ်မတော်သားသုံးဦးတို့ကို  တပ်မတော်နှင့်  AA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုရလဒ်များအရ AA အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်း အသီးသီးထံသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လွှဲပြောင်းပေးခဲ့သည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ဆက်လက်ခေါ်ဆောင် ပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြသည်။

 ယင်းသို့လွှဲပြောင်းပေးအပ်ရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ယခုကဲ့သို့ တောင်ကုတ်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ပြန်လည်လွတ်မြောက်လာရေး၊ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးတို့အတွက်  တပ်မတော် အနေဖြင့် AA အဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရကြောင်း၊ ယင်းသို့ဆွေးနွေးရခြင်းမှာလည်း လုံခြုံရေးအရရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးဦးတည်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲ ပြုလုပ်ရန်ကျန်ရှိသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ မကျင်းပခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲများ ဆောင်ရွက်ပေးရန်အတွက် ယခုပြန်လည်ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပြန်လည်လွတ်မြောက်လာရန်လိုအပ်မည်ဟု ပါတီဝင်များ ကတောင်းဆိုနေကြသည်ကိုလည်း အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်မှ ယခုကဲ့သို့အလေးထား ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကလိုလားချက်သည် လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးနိုင်ရန်နှင့် ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးရရှိရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဦးစားပေးဆောင်ရွက်နေသည်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲများတွင် ချပြရှင်းလင်း ပြီးဖြစ်ပါကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်မှုများနောက်ကျလျက်ရှိသဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လို အပ်နေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှယနေ့အချိန်အထိ ၂ နှစ်ခန့်ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ရေနစ်သူကို ဝါးကူထိုးသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် တိုင်းသူပြည်သား အားလုံးအနေဖြင့်လည်း ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ထမ်းရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းလာပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပိုမို အခွင့်အလမ်းရရှိလာမည်မှာ အားလုံး လက်ခံရမည့်အခြေအနေမှန်ပင်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင်စတင်ဖြစ်ပွားခဲ့ပြီး တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လျက်ရှိသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်လည်း တပ်မတော်မှ တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက် လျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ စ၍ ရခိုင်ပြည်နယ်အတွင်း  COVID-19 ရောဂါ အတည်ပြုလူနာများ များပြားလာ ချိန်တွင် တပ်မတော်က ပါရဂူ၊ ဆေးမှူးများပါဝင်သည့် အထူးကုဆေးအဖွဲ့များ၊ ကာကွယ် ရေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့်စေလွှတ်ပေးခဲ့ပြီး ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးခဲ့သည်ကို လက်တွေ့ တွေ့ မြင်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လိုအပ်သည်များကို မည်သည့်ကဏ္ဍ တွင်ဖြစ်စေ တပ်မတော်သို့ဆက်သွယ်နိုင်ပြီးဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါ ကြောင်း၊ ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့် ကိုယ် စားလှယ်လောင်းများ AA အဖွဲ့ထံမှ ပြန်လည်လွှဲပြောင်းလက်ခံရရှိနိုင်ရေး ကနဦးဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန် အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ H.E. Mr. Yohei SASAKAWA ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းမှူးက တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ် သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့ကို အစိုးရအဖွဲ့ရုံးသို့ ကျန်းမာဘေးကင်းစွာဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်လွတ်မြောက်လာရေး၊ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပါဝင် ဆောင်ရွက်ပေးခဲ့သောအဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါလွှတ်တော်ကိုယ်စားလှယ်သုံးဦးအား တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက ကျန်းမာရေးဆေးစစ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် COVID-19 ရောဂါပိုးကင်းရှင်းကြောင်းသတင်းရရှိသည်။