ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၁

    

ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

   

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၂ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းနှင့် သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက် စုစုပေါင်း ၂ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊  မြို့နယ်စုစုပေါင်း ၈ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၀ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။

   

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

   

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ညောင်သုံးပင်သာမဏေကျော် ကျောင်းတိုက်သို့ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါ ကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာတော် ဒေါက်တာအရှင်တေဇောသာရာဘိဝံသအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။